(၃၈)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေးတွင် နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသများ၌ တရားမဝင်ပြည်ပနိုင်ငံသားများ ဝင်ရောက်နေထိုင်မှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများမရှိစေရေးအတွက် တိုက်ဖျက်နှိမ်နင်းရေးလုပ်ငန်းစဉ်များ ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

(၃၈)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေးတွင် နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသများ၌ တရားမဝင်ပြည်ပနိုင်ငံသားများ ဝင်ရောက်နေထိုင်မှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများမရှိစေရေးအတွက် တိုက်ဖျက်နှိမ်နင်းရေးလုပ်ငန်းစဉ်များ ဆွေးနွေး


နေပြည်တော်၊ ဇူလိုင် ၂

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၈)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြားကော်မတီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၃၀ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ Amazing Kengtong Resort ဟိုတယ်၌ ကျင်းပပြုလုပ်ရာမြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် ကျော်လင်းမောင်၊ ဒုတိယအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးဇော်မင်းလတ်နှင့် တပ်မတော်အရာရှိကြီးများ၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Lt. Gen. Warathep Boonya နှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကျော်လင်းမောင်နှင့် ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်Lt. Gen. Warathep Boonya တို့ကအမှာစကားများ အသီးသီးပြောကြားကြပြီး နှစ်နိုင်ငံအဖွဲ့ဝင်များက အပြန်အလှန်မိတ်ဆက်ကြသည်။ ထို့နောက် နှစ်နိုင်ငံအဖွဲ့ခေါင်းဆောင်များသည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ (၃၈)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာကော်မတီအစည်းအဝေးတွင် နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးနှင့်နှိမ်နင်းရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသများ၌  တရားမဝင်ပြည်ပနိုင်ငံသားများ ဝင်ရောက်နေထိုင်မှုနှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများမရှိစေရေးအတွက် တိုက်ဖျက်နှိမ်နင်းရေးလုပ်ငန်းစဉ်များကို နှစ်နိုင်ငံအစိုးရချင်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နယ်စပ်ဒေသတွင် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ၊ အခြားကိစ္စရပ်များနှင့်ပတ်သက်၍ ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးကြသည်။

ညပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကျော်လင်းမောင်က ထိုင်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Warathep Boonya နှင့်နယ်ခြား ကော်မတီအစည်းအဝေးသို့တက်ရောက်လာကြသည့် နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ဝင်များအား စိန်ပန်းနီနီဧည့်ခန်းမ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။

အစည်းအဝေးဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် Amazing Kengtong Resort ဟိုတယ်၌ ဆက်လက်ကျင်းပရာ နှစ်နိုင်ငံ ကိုယ်စားလှယ်ခေါင်းဆောင်များက (၃၈)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုး၍  အပြန်အလှန်လဲလှယ်ကြပြီး အမှာစကားများ အသီးသီးပြောကြားကြသည်။

ထို့နောက် နှစ်နိုင်ငံကိုယ်စားလှယ်ခေါင်းဆောင်များသည် နှစ်နိုင်ငံအထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်ပေးအပ်၍ ကော်မတီအဖွဲ့ဝင်များနှင့်အတူစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် ကော်မတီအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ အစည်းအဝေးကိုအောင်မြင် စွာရုပ်သိမ်းခဲ့သည်။

(၃၈)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးသို့ တက်ရောက်လာကြသည့် ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုခြင်း၊ သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ သွားရောက်ကြည့်ရှုလေ့လာ၍ ပန်းခွေချ အလေးပြုခြင်း၊ ကျိုင်းတုံမြို့ရှိ တန်ခိုးကြီး ဘုရားစေတီများသို့ သွားရောက်ဖူးမြော် ခြင်းများ ဆောင်ရွက်ကြပြီး နေပြည်တော် နှင့် ကျိုင်းတုံမြို့ရှိ အထင်ကရနေရာများသို့လည်း သွားရောက်လေ့လာလည်ပတ်ခဲ့ကြကြောင်း သတင်းရရှိသည်။ 


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)