အင်ပါယာစတိတ်အပေါ်ဆုံးကို တက်ပြီး လက်ထပ်ခွင့်တောင်းခဲ့သည့် ရုရှားစုံတွဲ ဖမ်းဆီးခံရ - Myanmar National Post

Myanmar National Post

News Agency

Breaking

အင်ပါယာစတိတ်အပေါ်ဆုံးကို တက်ပြီး လက်ထပ်ခွင့်တောင်းခဲ့သည့် ရုရှားစုံတွဲ ဖမ်းဆီးခံရ


ဇူလိုင်- ၂ ( ကြာသပတေးနေ့ ) 

ရုရှားနိုင်ငံက စွန့်စွန့်စားစား လုပ်ဆောင်ရတာကို ဝါသနာပါတဲ့ စုံတွဲတစ်တွဲဟာ နယူးယောက်မြို့ရဲ့ အထင်ကရ အဆောက်အအုံဖြစ်တဲ့ အင်ပါယာစတိတ် အဆောက်အအုံပေါ်ကို ခိုးတက်ပြီး အမြင့်ပေ ၁,၄၀၀ ကျော်မှာ လက်ထပ်ခွင့်တောင်းခဲ့ကြလို့ အဖမ်းခံလိုက်ရပါတယ်။

အဲဒီဖြစ်ရပ်ဟာ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အောက်မှာရှိနေတဲ့ နယူးယောက်မြို့ခံတွေ သတိပြုမိသွားခဲ့သလို၊ ရဲတပ်ဖွဲ့ကလည်း ဒရုန်းတွေ၊ ရဟတ်ယာဉ်တွေနဲ့ ဝေဟင်ကနေ စောင့်ကြည့်ခဲ့ကြပါတယ်။ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေထဲမှာတော့ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ အဲဒီစုံတွဲဟာ အဆောက်အအုံရဲ့ အင်တင်နာတိုင် ထိပ်ဖျားပေါ်မှာ ထိုင်နေကြပြီး အမျိုးသမီးဖြစ်သူက ကြောင်နက်မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားတာ တွေ့ရပါတယ်။

နောက်ပိုင်းမှာတော့ အဲဒီစုံတွဲဟာ အသက် ၃၃ နှစ်အရွယ် အန်ဂျလာ နီကိုလော  နဲ့ အသက် ၃၂ နှစ်အရွယ် အိုင်ဗန် "ဗန်ညာ" ဘီယာကုစ် တို့ဖြစ်ကြောင်း သိရှိရပါတယ်။ သူတို့နှစ်ဦးဟာ နာမည်ကျော် ရော့ခ်ဂစ်တာသမား ဂျင်မီ ဟန်းဒရစ် ရဲ့ "ချစ်ခြင်းမေတ္တာရဲ့ စွမ်းအားက အာဏာမက်မောမှုကို အနိုင်ယူနိုင်တဲ့နေ့ကျရင် ကမ္ဘာကြီး ငြိမ်းချမ်းလိမ့်မယ်" ဆိုတဲ့ စာသားပါတဲ့ စာတန်းတစ်ခုကိုလည်း အဲဒီအပေါ်မှာ ဖြန့်ပြခဲ့ကြပါတယ်။

အဲဒီနောက် စွန့်စားရတာ ဝါဒနာပါတဲ့ အဲဒီစုံတွဲဟာ အောက်ဘက်က ပလက်ဖောင်းတစ်ခုဆီ ဆင်းသွားခဲ့ပြီး၊ အဲဒီနေရာမှာ ဘီယာကုစ်က ဒူးတစ်ဖက်ထောက်ပြီး လက်ထပ်ခွင့်တောင်းခဲ့ပုံရပါတယ်။ ပြီးတဲ့နောက်မှာတော့ သူတို့နှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် ဖက်လဲတကင်း နမ်းရှုပ်ခဲ့ကြပါတယ်။

အဲဒီမျှော်စင်ရဲ့ ထိပ်ဆုံးနေရာမှာ နာရီဝက်နီးပါးလောက် အချိန်ကုန်လွန်ပြီးတဲ့နောက်မှာတော့ အဲဒီစုံတွဲဟာ အောက်ဘက်က ပလက်ဖောင်းဆီကို ပြန်ဆင်းလာခဲ့ကြပါတယ်၊ အဲဒီနေရာမှာတော့ သူတို့ကို ဖမ်းဆီးဖို့ နယူးယောက်ရဲတပ်ဖွဲ့ (NYPD) က အဆင်သင့် စောင့်ဆိုင်းနေခဲ့ပါတယ်။

အမေရိကန် မီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ သူတို့ဟာ အဆောက်အအုံအတွင်း တရားမဝင် ကျူးကျော်ဝင်ရောက်မှု၊ ပိုင်နက်ကျူးလွန်မှုနဲ့ အများပြည်သူကို အန္တရာယ်ဖြစ်စေနိုင်တဲ့ မဆင်မခြင် ပြုလုပ်မှု အပါအဝင် ပြစ်မှုတွေနဲ့ တရားစွဲဆိုခြင်း ခံရနိုင်တယ်လို့ သိရပါတယ်။

နီကိုလောနဲ့ ဘီယာကုစ်တို့ဟာ အန္တရာယ်များတဲ့ စွန့်စားခန်းတွေကို သဘောကျတဲ့သူတွေက မိုးမျှော်တိုက်တွေ၊ ကရိန်းတွေနဲ့ အခြားမြင့်မားတဲ့ အဆောက်အအုံတွေကို ဘာလုံခြုံရေးပစ္စည်းမှမပါဘဲ တက်လေ့ရှိကြတဲ့ အမိုးပေါ်တက်ခြင်းလောကမှာ လူသိများတဲ့သူတွေ ဖြစ်ကြပါတယ်။

သူတို့စုံတွဲဟာ ၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ "Skywalkers: A Love Story" ဆိုတဲ့ နတ်ဖလစ် သတင်းရုပ်ရှင် မှာလည်း ပါဝင်ခဲ့ဖူးပြီး၊ အဲဒီကားထဲမှာ နိုင်ငံအတော်များများမှာ သူတို့လုပ်ခဲ့တဲ့ အမြင့်ပိုင်းစွန့်စားခန်းတွေကို ရိုက်ကူးဖော်ပြခဲ့တာပါ။ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း ကမ္ဘာတစ်ဝန်းက အဆောက်အအုံအမိုးတွေနဲ့ တံတားတွေပေါ်ကို အလားတူ ခိုးတက်ခဲ့တဲ့ မှတ်တမ်းတွေကို တွေ့နိုင်ပါတယ်။

အင်ပါယာစတိတ် အဆောက်အအုံ စီမံခန့်ခွဲရေးအဖွဲ့ကတော့ ဒီဖြစ်ရပ်ကို နယူးယောက်ရဲတပ်ဖွဲ့ (NYPD) နဲ့အတူ ဘေးအန္တရာယ်ကင်းကင်းနဲ့ ဖြေရှင်းနိုင်ခဲ့ပြီး၊ အများပြည်သူ လုံခြုံရေးအတွက်လည်း စိုးရိမ်စရာမရှိခဲ့ဘူးလို့ ပြောပါတယ်။ ဒါ့အပြင် အဆောက်အအုံဘက်က ဒီဖြစ်ရပ်ကို အခွင့်ကောင်းယူပြီး သူတို့ရဲ့ ရှုခင်းကြည့်စင်မြင့်ပေါ်မှာ တရားဝင် လက်ထပ်ခွင့်တောင်းလို့ရမယ့် ဝန်ဆောင်မှုပက်ကေ့ဂျ်ကိုပါ ကြော်ငြာသွားပါသေးတယ်။ အဲဒီဝန်ဆောင်မှုက အနည်းဆုံး အမေရိကန်ဒေါ်လာ ၁,၀၀၀ ကနေ စတင်မှာဖြစ်ပြီး ရာဇဝတ်မှုကျူးလွန်ရမယ့် အန္တရာယ်လည်း မရှိဘူးလို့ ဆိုပါတယ်။


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)