တာမွေမြို့နယ်၌ ဂိုဏ်းပေါင်းစုံသံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တာမွေမြို့နယ်၌ ဂိုဏ်းပေါင်းစုံသံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲကျင်းပ









တာမွေ၊ ဇူလိုင် ၁၅

ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့၏ ကြီးကြပ်မှုဖြင့် တာမွေမြို့နယ် သံဃနာယကအဖွဲ့မှ ကြီးမှူး ဖွင့်လှစ်သော  ဂိုဏ်းပေါင်းစုံသံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်ရှိ မြို့ဦးပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ တာမွေမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးဝန်ထမ်းများ၊ မြို့နယ်ဥပါသကာအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကြွရောက်လာကြသော ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးအား အမှူးထားပြီး သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အ‌ပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်း အနားကို ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာကြသူများက ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ အဂ္ဂသာမိ ဒွိပိဋကဓရ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇထံမှ ငါးပါးသီလ ခံယူစောင့်တည်ကာ ဩဝါဒကထာ နာကြားခဲ့သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နှင့် ပင့်သံဃာတော်အရှင်သူမြတ်များအား သက်ဆိုင်ရာတာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တာမွေမြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တနာရဒနှင့် တာဝန်ရှိသူများက သင်တန်းတက်ရောက်မည့် ဆရာတော်သံဃာတော်များအား သင်တန်းတွင်ပို့ချမည့် သင်ရိုးညွှန်းတမ်းစာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများအား ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါဂိုဏ်းပေါင်းစုံသံဃနာယကနှင့် ဝိနည်းဓိုရ်သင်တန်းတွင် မြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော် များအား ဝိနည်းဓမ္မကံအဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ဝိနိစ္ဆယလက်စွဲ ပြင်ဆင်ဖြည့်စွက်ချက်၊ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်းနှင့် သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းများ ပြင်ဆင် ဖြည့်စွက်ချက်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ညွှန်ကြားလွှာအမှတ်(၇၅)ဖြင့် အရေးယူခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေများ၊ သံဃနာယကလက်စွဲ၊ ဂိုဏ်းကူးပြောင်းမှု စည်းမျဉ်း စသည်ဖြင့် ဂိုဏ်းပေါင်းစုံသံဃနာယကနှင့် ဝိနည်းဓိုရ်ဆိုင်ရာများကို ၂၀၂၆-ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ သုံးရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်(တာမွေ)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)