ဇူလိုင် - ၂၇ ( တနင်္လာနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘရာဇီးလ်အပေါ် စည်းကြပ်လိုက်တဲ့ အခွန်တိုးမြှင့်မှုတွေဟာ အမေရိကန် စီးပွားရေးကိုပါ ထိခိုက်စေမယ့် မဟာဗျူဟာမြောက် အမှားတစ်ခုဖြစ်တယ်လို့ ဘရာဇီးသမ္မတ လူရီဇ် အီးနားစီယိုး လူလာ ဒါ ဆေးလ်ဗား က ဝါရှင်တန်ပို့စ်သတင်းစာမှာ ဆောင်းပါးရေးသားပြီး ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ်က အမေရိကန်ဟာ အရင် စည်းကြပ်ထားတဲ့ ၂၅ ရာခိုင်နှုန်း အခွန်အပြင် ဘရာဇီးလ်ထုတ်ကုန်တွေ အပေါ် နောက်ထပ် ၁၂.၅ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်လိုက်တာကြောင့် အချို့ကုန်ပစ္စည်းတွေရဲ့ အခွန်ဟာ ၃၇.၅ ရာခိုင်နှုန်းအထိ ထိုးတက်သွားနိုင်ပါတယ်။ Global Trade Alert သုတေသနဌာန ရဲ့ ဖော်ပြချက်အရ လက်ရှိမှာ ဘရာဇီးနဲ့ တူရကီတို့ဟာ တရုတ်နိုင်ငံပြီးရင် အမေရိကန်ရဲ့ အခွန်အများဆုံး စည်းကြပ်ခံရတဲ့ ဒုတိယမြောက် နိုင်ငံတွေ ဖြစ်လာခဲ့တာပါ။
တနင်္ဂနွေနေ့က ထွက်ရှိခဲ့တဲ့ ဆောင်းပါးထဲမှာတော့ လွန်ခဲ့တဲ့နှစ်က ထရမ့် စတင်ကြေညာခဲ့တဲ့ ၅၀ ရာခိုင်နှုန်း အခွန်တိုးမြှင့်မှုသတင်း ကြောင့် သူတော်တော်လေး အံ့အားသင့်ခဲ့ရတယ်လို့ လူလာက ပြောထားပြီး၊ ဒါဟာ နိုင်ငံရေးအရ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်တယ်လို့လည်း ဝေဖန်ထားပါတယ်။
ဘရာဇီးနဲ့ ကုန်သွယ်မှုပြုရာမှာ အမေရိကန်ဘက်က ကုန်သွယ်မှု ပိုငွေပြနေတာကို ထောက်ပြရင်း၊ အခုလို အခွန်တိုးမြှင့်လိုက်တာဟာ ဘရာဇီးသွင်းကုန်တွေအပေါ် မှီခိုနေရတဲ့ အမေရိကန် စက်မှုလုပ်ငန်းတွေကို ထိခိုက်စေမှာ ဖြစ်သလို အစားအသောက်၊ ဖိနပ်၊ အထည်အလိပ်၊ ပရိဘောဂနဲ့ မော်တော်ယာဉ် အပိုပစ္စည်းတွေ အပါအဝင် ပစ္စည်းအများအပြားကို အမေရိကန် စားသုံးသူတွေအတွက် ဈေးပိုကြီးသွားစေလိမ့်မယ်လို့ လူလာ က စေတနာစကား ပြောကြားခဲ့ပါတယ်။
"ဒီအခွန်အသစ်တွေဟာ မတရားရုံတင်မကဘဲ မဟာဗျူဟာမြောက် အမှားတစ်ခုလည်း ဖြစ်ပါတယ်။ အမေရိကန် စီးပွားရေးကိုရော ဘရာဇီးနဲ့ အမေရိကန်တို့ရဲ့ မဟာမိတ်ပြု ပူးပေါင်းဆောင်ရွက်မှုကိုပါ ထိခိုက်စေပါလိမ့်မယ်" လို့ လူလာ က ရေးသားထားပါတယ်။
အမေရိကန်ကို တင်ပို့နေရတဲ့ ဘရာဇီးရဲ့ ပို့ကုန်ပမာဏဟာ ၁၉၉၇ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်အထိ ကျဆင်းသွားခဲ့ပြီး၊ နှစ်နိုင်ငံကြား စုစုပေါင်း ကုန်သွယ်မှုဟာလည်း ပြီးခဲ့တဲ့နှစ် အလားတူကာလနဲ့ ယှဉ်ရင် ၁၂.၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့ သူက ထောက်ပြထားပါတယ်။ ဒါ့အပြင် အခုလို အခွန်တိုးမြှင့်လိုက်တာကြောင့် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တွေ ပျက်စီးသွားမှာဖြစ်သလို၊ ဘရာဇီး ကုမ္ပဏီတွေကိုလည်း "သူတို့ရဲ့ အမေရိကန် ကုန်ပစ္စည်းတင်သွင်းသူတွေနေရာမှာ တခြားနိုင်ငံက မဟာမိတ်တွေနဲ့ အစားထိုး" သွားကြဖို့ တွန်းအားပေးသလို ဖြစ်သွားလိမ့်မယ်လို့လည်း သတိပေးထားပါတယ်။
"လက်တင်အမေရိကနဲ့ ကာရီဘီယံ ဒေသတွေဟာ သူတို့ရဲ့ ပင်လယ်ပြင်မှာ ကင်းလှည့်နေတဲ့ လေယာဉ်တင် သင်္ဘောတွေကိုရော အပြစ်ပေးအရေးယူတဲ့ အခွန်တိုးမြှင့်မှုတွေကိုပါ ဘာမှမလိုအပ်ပါဘူး" လို့ လူလာ က ရေးသားထားပါတယ်။
စနေနေ့တုန်းကလည်း ဘရာဇီးဟာ လာမယ့် အောက်တိုဘာလ သမ္မတရွေးကောက်ပွဲမတိုင်မီ မဲပေးစနစ် အကြောင်း ဆွေးနွေးဖို့ လာရောက်ဖို့ စီစဉ်ထားတဲ့ အမေရိကန် နိုင်ငံခြားရေးဌာန အရာရှိနှစ်ဦးကို ဗီဇာထုတ်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
"ဘရာဇီးရဲ့ ကံကြမ္မာကို ဘရာဇီးပြည်သူတွေကိုယ်တိုင်ပဲ ဆုံးဖြတ်မှာပါ၊ ပြင်ပနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှု ဒါမှမဟုတ် ဖိနှိပ်ချုပ်ချယ်မှုတွေ လုံးဝရှိမှာမဟုတ်ပါဘူး" လို့ လူလာ က ပြောကြားခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment