ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ ၂၀၂၆ ခုနှစ်၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ ၂၀၂၆ ခုနှစ်၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ










နေပြည်တော်၊ ဇူလိုင် ၂၄

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ ၂၀၂၆ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော် အတွင်းရှိအဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်း နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်း ဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တ ဝါသေဋ္ဌာဘိဝံသ တို့အမှူးပြုသော ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ဆရာတော်ကြီးများအပါအဝင် ပင့်ဖိတ်ထားသည့် ဆရာတော်ကြီး ၂၇ ပါ။ ကြွရောက်ချီး မြှင့်တော်မူကြပြီ။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့နှင့် အတူ ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတက သာသနာ့ဗိမာန်တော်ကြီးအတွင်းရှိ မာရဝိဇယ နောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်း၊ သောက်တော် ရေချမ်းနှင့် ဆီမီးတို့ကို ကပ်လှူပူဇော်သည်။

ယင်းနောက် အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်၍ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးများ ချီးမြှင့်တော်မူသည့် ပရိတ် တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ဒုတိယသမ္မတ ဦးညိုစောနှင့် ဇနီးတို့က နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌများနှင့် ဇနီးများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်ထောင်စု ဝန်ကြီးများက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်း ကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် မစိုးရိမ်တိုက် သစ် ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အခမ်းအနား တက်ရောက် လာကြသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။


#News #MNP 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)