အဓမ္မဝါဒီ ဦးသူရိယ ၏ တပည့်က ဓမ္မဝါဒီ ဦးအောင်မြိုင်၊ ဦးအောင်အောင်ဇော် တို့ကို စွဲဆိုသောအမှု ပြည်ထောင်စုတရားလွှတ်တော်ချုပ် က ပယ်ချ - Myanmar National Post

Myanmar National Post

News Agency

Breaking

အဓမ္မဝါဒီ ဦးသူရိယ ၏ တပည့်က ဓမ္မဝါဒီ ဦးအောင်မြိုင်၊ ဦးအောင်အောင်ဇော် တို့ကို စွဲဆိုသောအမှု ပြည်ထောင်စုတရားလွှတ်တော်ချုပ် က ပယ်ချ




နေပြည်တော်၊ ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမြန်လမ်း ၁၆ မိုင်၊ ၅ ဖာလုံအနီးမှာ တည်ရှိတဲ့ အရိယာမဏ္ဍိုင်တောရရိပ်သာ တည်ထာင်သူ အဓမ္မဝါဒီ ဦးသူရိယ တပည့် ဦးထူးအောင်လွင် က ဓမ္မဝါဒီ ဦးအောင်မြိုင်၊ ဦးအောင်အောင်ဇော် တို့အား စွဲဆိုထားသောအမှု ပြည်ထောင်စုတရားလွှတ်တော်ချုပ် က ပယ်ချလိုက်ပြီဖြစ်ကြောင်း ဦးအောင်မြိုင်ထံမှ သိရသည်။

အဆိုပါမှုခင်းဖြစ်စဉ်မှာ ဦးသူရိယ၏ ဟောပြောချက်များသည် ဗုဒ္ဓ၏ တရားတော်များနှင့် ညီညွတ်ခြင်းမရှိသောကြောင့် ဆရာဦးအောင်မြိုင်၊ ဦးအောင်အောင်ဇော် အပါအဝင် ဆရာတော်သံဃာတော်များက ဦးသူရိယ၏ မှားယွင်းသော ဟောပြောမှုများကို ဗုဒ္ဓ၏ တရားတော်များနှင့် ထောက်ထားပြဆို၍ နိုင်ငံတော်သံဃမဟာနကအဖွဲ့ထံ စောဒနာတင်ခဲ့ကြပြီး တင်ပြထားမှု အခြေအနေနှင့် စပ်လျဉ်း၍ လူမှုကွန်ရက်တွင် ရေးသားဖော်ပြခြင်းကို အကြောင်းပြု၍ ဦးသူရိယ ၏ တပည့်များက လှည်းကူးမြို့နယ်တွင် ဆက်သွယ်ရေးဥပဒေဖြင့် စတင်အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ လှည်းကူးမြို့နယ်တရားရုံးက ပလပ်လိုက်ပြီးနောက် တရားရုံးအဆင့်ဆင့်ကို တက်ခဲ့ရာမှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အထိ ရောက်ရှိခဲ့သော အမှုဖြစ်သည်။

ဦးအောင်မြိုင် က " ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၁၆၀-ခ၊ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၁၆၁-ခ၊ (အမိန့်ချမည်) အထက်ပါမှုခင်း ၂ ခုကို ယနေ့ ၁၇-၇-၂၀၂၆ ရက်နေ့ မနက် ၉ နာရီတွင် အမိန့်ချမှတ်မည်ဖြစ်ကြောင်း မနေ့က နေ့ ၂ နာရီတွင် ပြည်ထောင်စုတရားလွှတ် တော်ချုပ် ဝက်ဘ်ဆိုက်က ထုတ်ပြန်တင်ပြကြော်ညာခဲ့သည်။ ကိုယ်သိရသည်က ညနေ ၄ နာရီတွင် သိရသည်။ ထို့ကြောင့် အမိန့်ချပွဲ အချိန်မီ သွား ရောက်နိုင်ရေး စီစဉ်ဖို့ ခက်သွားသဖြင့် အဝေးကနေပဲ ကြားရသည့် အခြေအနေ ဖြစ်သွားခဲ့ရသည်။

တစ်ဖက်က လျှောက်ထားလွှာတွင် လျှောက်ထားသူ ဦးထူးအောင်လွင်(အရိယာမဏ္ဍိုင်တောရရိပ်သာမှ အဓမ္မဝါဒီ ဦးသူရိယ၏ ကိုယ်စားလှယ်)နှင့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဇင်သူဖြိုး၊ တရားလွှတ်တော် ဒေါ်နီလာခိုင်တို့က လက်မှတ်ထိုးခဲ့ကြသည်။ ‌ကိုယ်တို့က လျှောက်လဲချက် သွားတင်ချိန်တွင် အထက်ပါ ရှေ့နေများအပြင် နောက်ထပ် တရားလွှတ်တော် ရှေ့နေ ဒေါ်တင်တင်ဝင်း၊ တရားလွှတ်တော်ရှေ့နေ ဒေါ် သီတာစိုး-ပါ ပါဝင်ပြီး တရားလွှတ်တော်ရှေ့နေ ၄ ဦး ပါဝင်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရသည်။ ယခု ယနေ့ အမိန့်ချပွဲအတွက် ကြော်ငြာချက်တွင် တစဖက်က လျှောက်ထားသူအတွက် တရားလွှတ်တော်ရှေ့နေ ဒေါ်တင်တင်ဝင်း ၁ ဦးသာ တွေ့ရသည်။ မည်မျှကုန်ကျရပါစေ၊ မည်မျှကြောက်စရာကောင်းပါစေ ဥပဒေအရ အမှုအခင်း ပေါ်ပေါက်လာပါက  နိုင်ငံတော်၏ တည်ဆဲဥပဒေများကို လေးစားလိုက် နာသူဖြစ်ပါက ရင်ဆိုင်ဖြေရှင်းရမည်သာ ဖြစ်သည်။ ရှောင်တိမ်းနေခြင်းဖြင့် ပြီးပြတ်သွားမည် မဟုတ်။ အရိယာမဏ္ဍိုင်တောရရိပ်သာမှ အဓမ္မဝါဒီ ဦးသူရိယသည် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့မှ စ၍ ယခုအချိန်အထိ ၎င်းအပေါ် သာသနာရေးဝန် ကြီးဌာန-သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးက တရားလိုပြုလုပ်၍ စွဲဆိုထားသည့် ရာဇဝတ်မှု ၃ မှုကို ရင်ဆိုင်ဖြေရှင်းခြင်းမရှိဘဲ ရှောင်တိမ်းနေခဲ့သည်မှာ ယနေ့အထိပင် ဖြစ်သည်။ ရဟန္တာဟု ‌ပြောဆိုကြေညာထားသူ၊ လူတွေကို ရဟန္တာဖြစ်တဲ့အထိ လုပ်ပေးနိုင်တယ်ဟု ကြေညာ ထားသူ ဦးသူရိယက တည်ဆဲဥပဒေများကို မလိုက်နာဘဲ ရှောင်တိမ်းနေခြင်းကြောင့် ဗုဒ္ဓဘာသာ သာသနာတော်၏ တရားဓမ္မများအပေါ် ဂုဏ်သိက္ခာ ထိခိုက်ခံရသည်။ ဗုဒ္ဓဘာသာ သာသနာတော်လာ တရားတော်တွေက လိမ္မာယဉ်ကျေးခြင်း၊ ရိုးသားဖြောင့်မတ်တည်ကြည်ခြင်း၊ စိတ်နေစိတ်ထား ရဲရင့် တည်ငြိမ်ခြင်း စသည်များကို မဖြစ်စေနိုင်ဘူးဟု ကဲ့ရဲ့ခံရဖွယ်ဖြစ်နေသည်။ အမှန်ကတော့ ငါးပါး သီလကို ကျင့်သုံး-ပြည့်စုံသူသည်ပင် ထိုကဲ့သို့ မရိုး မဖြောင့် ရှောင်တိမ်းထွက်ပြေးမှုမျိုးကို ပြုလုပ်လေ့ မရှိပါ။ 

ထို့ပြင် အဓမ္မဝါဒီ ဦးသူရိယ ရှောင်တိမ်းထွက်ပြေးပုန်း ကွယ်နေသည်ကို နေ့စဉ်နီးပါး ဖေ့စ်ဘုတ်လိုက်လွှင့် ဗွီဒီယိုဖိုင်များ၊ ယူကျူလိုက်လွှင့်ဗွီဒီယိုဖိုင်များကို ဦးသူရိယကိုယ်တိုက်က ပြောဆိုထုတ်လွှင့်နေပါလျက် ခြေရာမခံမိဘဲ၊ ရှာဖွေထိန်းသိမ်းအရေးယူမှု မပြုလုပ်နိုင်သည့်အခြေအနေများအရ နိုင်ငံတော်၏ တရားဥပဒေအရ ဆောင်ရွက်မှုများအပေါ်တွင်လည်း အများတကာ အထင်အမြင် လွဲမှားစရာ ဖြစ်နေရသည်။ ဦးသူရိယသည် ဘာသာသာသနာကို ဂုဏ်သိက္ခာထိခိုက်ခံရစေရန် ပြုလုပ်နေသူ ဖြစ်ရုံမျှ မကသေးဘဲ နိုင်ငံတော်ကိုပါ ဂုဏ်သိက္ခာထိခိုက် ခံရစေရန် ပြုလုပ်နေသူဖြစ်ကြောင်း ထင်ရှားနေပါသည်။" ဟု ရေးသားဖော်ပြထားသည်။

ဆရာဦးအောင်မြိုင်ထံ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ၏ အမိန့်နှင့် ပတ်သက်၍ မြန်မာနေရှင်နယ်ပို့စ် က ဆက်သွယ်မေးမြန်းရာ "ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရာဇဝတ်ပြင်ဆင်မှုအမှတ် ၁၆၀-ခ၊ ရာဇဝတ်ပြင်ဆင်မှုအမှတ် ၁၆၁-ခ တို့ကို ပလပ်လိုက်ပါပြီ။ ဒီအဆင့်မှာတော့ ကိုယ့်ဘက်က အနိုင်ရတယ်လို့ ပြောရမှာပေါ့။ သူတို့ဘက်က ဘယ်အထိ ဆက်တက်မလဲ၊ သတ်မှတ်ကာလအတွင်း စောင့်ကြည့်ရအုံးမှာပဲ ဖြစ်ပါတယ်" ဟု ပြောဆိုသည်။


(မှတ်ချက် - ဦးသူရိယ ၏ ဟောပြောမှုများနှင့် ပတ်သက်၍ နိုင်ငံတော်သံဃမဟာနာယက၊ ဝိနိစ္ဆယအဖွဲ့က အဓမ္မဝါဒအဖြစ် ဆုံးဖြတ်ထားပြီး ဖြစ်သည်။)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)