ASEAN HYUNDAI CUP 2026 မြန်မာက အိမ်ရှင်အနေနဲ့ မလေးရှားကို ယှဉ်ပြိုင်ပြီး ဦးဆောင်ဂိုး ရပြီးမှ (၁-၂) ရလဒ်နဲ့ ရှုံးခဲ့ရတဲ့အပေါ် မြန်မာ့လက်ရွေးစင်အသင်းသားများကို ကျွန်တော် ဝေဖန်ခဲ့ပါတယ်။ ဝေဖန်တယ်ဆိုရာမှာလည်း အားနည်းချက်တွေကိုသာ ထောက်ပြပြောဆို အပြစ်တင်ခြင်းမဟုတ်ဘဲ မြန်မာအသင်း အကောင်း၊ အဆိုးကို သုံးသပ်ခြင်းသာ ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ဝေဖန်ခွင့် ရှိပါတယ်။ ထောက်ပြခွင့် ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့တွေဟာ မြန်မာနိုင်ငံသားတွေ မြန်မာဘောလုံးအသင်းရဲ့ ပရိတ်သတ်တွေ ဖြစ်နေလို့ ကိုယ့်အသင်းရဲ့ အားသာချက်၊ အားနည်းချက်တွေကို ဝေဖန်ထောက်ပြခြင်းဟာ အပြုသဘောဆန်ပါတယ်။
မလေးရှားကို ရှုံးနိမ့်ခဲ့ရတဲ့အခြေအနေနဲ့ ပတ်သက်လို့ ဝေဖန်ရခြင်းက မြန်မာအသင်းအနေနဲ့ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေကို လက်လွတ်ဆုံးရှုံးခဲ့ရခြင်းကြောင့် ဝေဖန်ခြင်း ဖြစ်ပါတယ်။ အချုပ်အားဖြင့် ပြောရင် မြန်မာ့လက်ရွေးစင်အသင်းဆိုတာ တိုင်းပြည်ကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်နေရတာ ဖြစ်တဲ့အတွက် ဒီပြိုင်ပွဲတွေဟာ အရပ်ထဲမှာ သူနိုင် ကိုယ်နိုင် အပြိုင်ကျဲတဲ့ ပြိုင်ပွဲတွေထက် ပိုပြီး ကြိုးစားရုန်းကန်ရမယ်။ အဆုံးစွန်အထိ ပြောရရင် စစ်ပွဲတစ်ပွဲကို တိုက်ခိုက်နေရသည့်အလား ဘောလုံးသမားများအနေနဲ့ ရှေ့တန်းစစ်မြေပြင်မှာ ရန်သူနဲ့ ရင်ဆိုင် ယှဉ်ပြိုင်တိုက်ခိုက်နေတယ်လို့ သဘောထားပြီး ယှဉ်ပြိုင်စေချင်တဲ့ စိတ်နဲ့ ဝေဖန်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ ကျေးရွာအဆင့် ကစားတဲ့ပွဲမှာတောင် အရှေ့ပိုင်း၊ အနောက်ပိုင်း ကန်ရင် ကိုယ်ပါတဲ့အသင်း အနိုင်ရဖို့ အစွမ်းကုန် ကန်ကြတယ်။ ၅၀ ကြေး၊ ၁၀၀ ကြေး ကစားတဲ့ပွဲမှာတောင် ကိုယ့်အသင်း အနိုင်ရဖို့ ဆိုရင် တစ်ဖက်အသင်းမှာ ကိုယ့်အကိုယ်တွေ ကိုယ့်ညီတွေ ပါတာ၊ မပါတာ နားမလည်ဘူး။ ဖြစ်ချင်ရာဖြစ် ကိုယ့်အသင်း နိုင်ဖို့ပဲ။
ဖိလစ်ပိုင် ဖိတ်ခေါ်ဖလားပွဲမှာ ဂိုးပြတ်ရှုံးနိမ့်ထားတာကြောင့် ယနေ့ (၂၈-၇-၂၀၂၆) ရက်နေ့ ASEAN HYUNDAI CUP 2026 ပြိုင်ပွဲ ဖိလစ်ပိုင်အိမ်ကွင်းမှာ မြန်မာအသင်း ရှုံးနိမ့်မှာကို စိုးရိမ်ပူပန်နေတာတော့ အမှန်ပါပဲ။ သို့သော် ပွဲစပြီး ၇မိနစ် မှာ ကျော်မင်းဦး က အနိုင်ဂိုး စပြီး သွင်းပေးလိုက်တော့ အမေးဇင်းပါပဲ။ ပွဲချိန် ၂၇ မိနစ်အရောက်မှာ တိုက်စစ်မှူး သန်းပိုင် က ဒုတိယအနိုင်ဂိုး သွင်းယူလိုက်တော့ စိတ်ချရတဲ့ အခြေအနေမျိုး ဖြစ်သွားပါတယ်။
ဒီနေရာမှာ မောင်မောင်လွင် ကို ထပ်ပြီး ကျေးဇူးတင်ရမယ်။ မြန်မာအသင်းရဲ့ ပင်နယ်တီဧရိယာထဲမှာ ပင်နယ်တီ ပေးဖို့ ဒိုင်လူကြီးရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကို VAR ပြန်ကြည့်ပေးဖို့ ရအောင် တောင်းဆိုနိုင်ခဲ့တယ်။ မြန်မာ အသင်းခေါင်းဆောင် မောင်မောင်လွင် တော်လွန်းပါပေတယ်။ သန်းပိုင် ရဲ့ သွင်းဂိုးအတွက် ဖန်တီးပေးခဲ့တာလည်း မောင်မောင်လွင်ပါပဲ။ ကျွန်တော့်ကတော့ မြန်မာ့လက်ရွေးစင်အသင်းသား အားလုံးကို လေးစားချစ်ခင်ပါတယ်။ မောင်မောင်လွင် ရဲ့ ကစားပုံ၊ ဖန်တီးပေးပို့နိုင်စွမ်းတွေကြောင့် သူ့ကို ဘယ်သူတွေ ဘယ်လိုပင် ဝေဖန် ပြစ်တင် ပြောဆိုနေစေကာမူ အချစ်ပိုတယ်ဗျာ။ သူစွမ်းနိုင်တယ်။ သူထွက်ပေါက်ကို ရှာနိုင်တယ်။ သူ အကောင်းဆုံး ရလဒ်ဖြစ်ဖို့ ဖန်တီးနိုင်တယ်။ ဒီလိုပဲ ယုံကြည်နေပါတယ်။
ဖိလစ်ပိုင်နဲ့ပွဲစဉ်မှာ အကောင်းဆုံးကစားသမားဆုကို သန်းပိုင် ဆွတ်ခူးနိုင်ခဲ့တယ်။ သတင်းတွေမှာတော့ မြန်မာတိုက်စစ်မှူး သန်းပိုင်ဟာ ဖိလစ်ပိုင်အသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။ သန်းပိုင်ဟာ မြန်မာအသင်းအတွက် အနိုင်ဂိုးနှစ်ဂိုး သွင်းယူပေးခဲ့ပြီး အကောင်းဆုံးကစားသမားဆု ရရှိခဲ့တာဖြစ်တယ်။ ဖိလစ်ပိုင်နဲ့ပွဲမှာ မြန်မာအသင်းခေါင်းဆောင် မောင်မောင်လွင်က လုပ်အားနှုန်းအကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
အဲဒီလို ပိတိမျိုးကို လိုချင်တာ။ စာရေးသူရဲ့ သဘောကတော့ အထက်မှာ ပြောခဲ့သလိုပဲ ဘောလုံးပွဲ တစ်ပွဲကို စစ်ပွဲလိုပဲ မြင်တယ်။ တခြား ကမ္ဘာကျော်အသင်းကြီးတွေကို မပြောပါဘူး။ အာရှမှာဆိုရင် ဗီယက်နမ်၊ မြောက်ကိုရီးယား အသင်းတွေဟာ ဘောလုံးပွဲတစ်ပွဲကို သူတို့က စစ်ပွဲလို သဘောထားပြီး ယှဉ်ပြိုင်ကြတယ်လို့ မှတ်ယူတယ်။ ပြိုင်ပွဲအတွင်း အသက်ထွက်ရင်လည်း ထွက်ပစေ ဆိုတဲ့ စိတ်မျိုးနဲ့ အားကုန်ထုတ်ပြီး ကြိုးစားကြတယ်။
မြန်မာအသင်းမှာ မြတ်ကောင်းခန့် အကောင်းဆုံး ခြေစွမ်းပြနေတယ်။
အားနည်းချက်တွေကို ပြင်ဆင်ပြီး နည်းပြသစ်ရဲ့ ဗျူဟာထဲမှာ အံဝင်ဂွင်ကျဖြစ်အောင် စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ နိုင်ပွဲကို ရယူနိုင်ခဲ့တယ်။
အခုလို ကြိုးစားအားထုတ်မှု ပုံစံအတိုင်းသာ အားနည်းချက်တွေကို ဆက်လက်ပြုပြင်သွားနိုင်မယ်ဆိုရင် ဒေသတွင်း ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရာမှာ နိုင်သည်ဖြစ်စေ၊ ရှုံးသည် ဖြစ်စေ မြန်မာဆိုတဲ့ အရှိန်အဝါ ကိုတော့ ချန်ထားခဲ့နိုင်မှာ ဖြစ်ပါတယ်။
အထူးအားဖြင့် ပြောရရင်တော့ မောင်မောင်လွင် ဟာ မြန်မာအသင်းရဲ့ ဘက်ခမ်းပါပဲ။ သူ့ရဲ့ ဖန်တီးပေးပို့မှုတိုင်းဟာ ဂိုးရဖို့ ၈၀ ရာခိုင်နှုန်း နီးစပ်ပါတယ်။ အဆုံးသတ်ပိုင်းမှာ သေချာပိုင်နိုင်မယ်ဆိုရင် သူဖန်တီး ပေးပို့လိုက်တဲ့ ဘောလုံးတိုင်းဟာ အံ့သြမင်သက်သွားစေပါတယ်။ သူဟာ မြန်မာအသင်းရဲ့ ဘက်ခမ်း လို့ ဆိုရင်လည်း မမှားပါဘူး။ သူသာ ဒီထက်ပိုပြီး စိတ်ကို ထိန်းနိုင်မယ်ဆိုရင် သူ့ရဲ့ ဖရီးကစ်တွေဟာ ဂိုးအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။
မောင်မောင်လွင်နဲ့အတူ မြန်မာ့လက်ရွေးစင်အသင်းသားများ အားလုံးရဲ့ ကြိုးစားအားထုတ်မှုနဲ့ ရရှိခဲ့တဲ့ ပြတ်သားတဲ့ အနိုင်ရလဒ်အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း . . .။
ဦးနောင်
#MNP #News





No comments:
Post a Comment