ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း တောင်အာရှနှင့် အရှေ့တောင်အာရှ မီဒီယာမဟာမိတ် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း တောင်အာရှနှင့် အရှေ့တောင်အာရှ မီဒီယာမဟာမိတ် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်မိန့်ခွန်းပြောကြား




ကူမင်း၊ ဇူလိုင် ၁၅

၂၀၂၆ ခုနှစ် တောင်အာရှနှင့် အရှေ့တောင်အာရှ မီဒီယာ မဟာမိတ်နှစ်ပတ်လည်အစည်းအဝေး ဖွင့်ပွဲကို ယမန်နေ့က တရုတ်နိုင်ငံ ယူနန်ပြည်နယ်မြို့တော် ကူမင်းမြို့ရှိ Hyatt Place Hotel ခန်းမဆောင်တွင် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။

ဦးစွာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ယဉ်ကျေးမှုအဖွဲ့၏ တေးသီချင်း စုပေါင်းသီဆိုမှုဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။

ထို့နောက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပါတီကော်မတီ၊ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး မစ္စဇိန်း ယန့်က အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက မိန့်ခွန်းပြောကြားရာတွင် ယနေ့ကမ္ဘာကြီး၌ နည်းပညာတိုးတက်ပြောင်းလဲမှုများ လျင်မြန်စွာ ဖြစ်ပေါ်မှုနှင့်အတူ နိုင်ငံများအကြားတွင်လည်း အကွာအဝေးများ လျှော့ချပေးနေသကဲ့သို့ ရာသီဥတုပြောင်းလဲမှု၊ စီးပွားရေးမတည်ငြိမ်မှုနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အန္တရာယ်များ၊ နိုင်ငံဖြတ်ကျော် လုံခြုံရေးစိန်ခေါ်မှုများကို နိုင်ငံ တစ်နိုင်ငံတည်းဖြင့်သာ မဖြေရှင်းနိုင်တော့ဘဲ ဘုံစိန်ခေါ်မှုများအဖြစ် ပေါ်ထွက်လာမှုများကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ပြီးတက်ကြွသော၊ ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး နိုင်ငံတကာနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူဝါဒ (၅) ရပ်ကို အစဉ်တစိုက် လိုက်နာကျင့်သုံးလျက်ရှိကြောင်း၊ ယနေ့ချိန်ခါတွင် မီဒီယာသည် သတင်းဖြန့်ဝေသည့် ဆက်သွယ်ရေးနည်းလမ်းတစ်ခုသာမကဘဲ နိုင်ငံများနှင့် ပြည်သူများအကြားတွင် ချစ်ခင်ရင်းနှီးမှုနှင့် နားလည်မှုတံတားများကို တည်ဆောက်ပေးနိုင်သည့် အင်အားတစ်ရပ်ဖြစ်လာသည်ကို တွေ့မြင်ကြရမည်ဖြစ်ကြောင်း၊ မကြာသေးမီက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့စဉ် နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု များ ပိုမိုမြှင့်တင်နိုင်ရန် သဘောတူညီချက်များရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် ဒေသတွင်းငြိမ်းချမ်းရေး နှင့်သာယာဝပြောရေးအတွက် တန်ဖိုးမဖြတ်နိုင်သော အင်အားများဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တရုတ်နိုင်ငံ သတင်းထောက်များအသင်းနှင့် တရုတ်နိုင်ငံ နေ့စဉ်သတင်းစာတို့မှ တာဝန်ရှိသူများက ဆွေးနွေးပြောကြားကြသည်။ ဆက်လက်၍ သတင်းထောက်များ တစ်ထောက်နားစခန်း-ယူနန် ဆိုင်းဘုတ်ဖွင့်လှစ်ခြင်းနှင့် လှုပ်ရှားမှုစီမံချက် ထုတ်ပြန်ခြင်း အစီအစဉ်ကို တက်ရောက်လာကြသည့် နိုင်ငံတကာမီဒီယာ တာဝန်ရှိသူများက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်ဝန်ထမ်းများက “သွေးက ပြောသော သစ္စာ” သီချင်းအား မြန်မာတိုင်းရင်းသားဝတ်စုံများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

အဆိုပါ နှစ်ပတ်လည်အစည်းအဝေးသို့ တောင်အာရှနှင့်အရှေ့တောင်အာရှတို့ရှိ နိုင်ငံပေါင်း ၂၀ တို့မှ မီဒီယာတာဝန်ရှိသူ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ကြပြီး မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် နေရာများခွဲကာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပါတီကော်မတီဝင်နှင့် ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီးနှင့်အဖွဲ့အား သီးခြားစီတွေ့ဆုံပြီး နှစ်နိုင်ငံ မီဒီယာကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)