နေပြည်တော်၊ ဇူလိုင် ၂၅
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် The Hon. Adisak Tantiwong ၏ ဖိတ်ကြားချက်အရ ဇူလိုင် ၂၁ ရက်မှ ၂၄ ရက်အထိ ထိုင်းနိုင်ငံ၌ကျင်းပသည့် (၁၃) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးသည်။
အာဆီယံတရားသူကြီးချုပ်များ ကောင်စီအစည်းအဝေးသည် ၂၀၁၃ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပခဲ့သော အစည်းအဝေးဖြစ်ပြီး အဆိုပါအစည်းအဝေးသို့ အာဆီယံနိုင်ငံအသီးသီးမှ တရားသူကြီးချုပ်များနှင့် တရားစီရင်ရေးဆိုင်ရာအကြီးအကဲများ တက်ရောက်ကြသည်။
ပြည်ထောင်စုတရားသူကြီးချုပ်သည် ဇူလိုင် ၂၂ ရက်တွင် ထိုင်းနိုင်ငံ တရားလွှတ်တော်ချုပ်က ကြီးမှူး၍ InterContinental Bangkok ၌ ကျင်းပပြုလုပ်သည့် (၁၃) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေးသို့တက်ရောက်ပြီး အခြားအာဆီယံ တရားသူကြီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ၏ အာဆီယံတရားရေးပေါ်တယ် (ASEAN Judiciaries Portal) လုပ်ငန်းအဖွဲ့၊ တရားမမှုခင်းများဆိုင်ရာ (Civil Proceedings) လုပ်ငန်းအဖွဲ့၊ မှုခင်းစီမံခန့်ခွဲမှုနှင့် တရားရုံးနည်းပညာဆိုင်ရာ(Case Management and Court Technology) လုပ်ငန်းအဖွဲ့၊ တရားစီရင်ရေးဆိုင်ရာ လေ့ကျင့်ရေးနှင့် သင်ကြားရေးဆိုင်ရာ (Judicial Training and Education) လုပ်ငန်းအဖွဲ့၊ နိုင်ငံဖြတ်ကျော်ဖြစ်ပွားသည့် မိသားစုမှုခင်းဆိုင်ရာ ကလေးသူငယ်အငြင်းပွားမှုများဖြေရှင်းရေး (Cross-Border Disputes Involving Children) လုပ်ငန်းအဖွဲ့၊ ဗီဒီယိုကွန်ဖရင့်ဖြင့် အမှုကြားနာစစ်ဆေးခြင်းဆိုင်ရာ (Conduct of Video Conferencing Hearings) လုပ်ငန်းအဖွဲ့၊ အာဆီယံနှင့် အခြားမိတ်ဖက်နိုင်ငံများ တွေ့ဆုံဆွေးနွေးမှုပြုခြင်းဆိုင်ရာ (ASEAN + Meetings) လုပ်ငန်းအဖွဲ့နှင့် ရာသီဥတုဆိုင်ရာ တရားမျှတမှု (Climate Justice) လုပ်ငန်းအဖွဲ့တို့ကဆောင်ရွက်ပြီး လုပ်ငန်းများ၊ ရရှိသည့် အောင်မြင်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် အဆိုပြုချက်များနှင့်စပ်လျဉ်းသည့် အစီရင်ခံစာများကို အာဆီယံတရားသူကြီးချုပ်များကောင်စီသို့ တင်ပြအတည်ပြုချက် ရယူကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ်က မြန်မာနိုင်ငံတရားစီရင်ရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။
အစည်းအဝေးအပြီးတွင် (၁၃) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များ ကောင်စီအစည်းအဝေးရလဒ်ဖြစ်သည့် ဗန်ကောက်ကြေညာစာတမ်းကို အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်အားလုံးက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။
#MNP #News

No comments:
Post a Comment