ရန်ကုန်၊ ဇူလိုင် ၁
ရန်ကုန် - မော်လမြိုင် ရထားလမ်းပိုင်းတွင် ခရီးသွားမိဘပြည်သူများ ပိုမိုအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် အမှတ် (၈၃) အဆန်ရထားအား ခေတ်မီ DEMU ရထားတွဲဆိုင်းများဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်ဘူတာကြီး အမှတ် (၁) စင်္ကြံ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်း၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦး၊ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ ဥပဒေချုပ် ဒေါ်ဖြူမာဝေ၊ အတွင်းရေးမှူး ဦးနေဝင်းအောင် တို့နှင့်အတူ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က အဖွင့်အမှာစကား ပြောကြားပြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် က ခေတ်မီ DEMU ရထားတွဲဆိုင်းများ အသုံးပြု၍ ရန်ကုန် - မော်လမြိုင် ရထားလမ်းပိုင်းတွင် စတင်ပြေးဆွဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမှတ်တရလက်ဆောင်များ ပေးအပ်သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အတူ တက်ရောက်လာသူများမှ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် နှင့် တာဝန်ရှိသူများသည် ရန်ကုန် - မော်လမြိုင် ခရီးစဉ်အဖြစ် စတင်ပြေးဆွဲမည့် ခေတ်မီ DEMU ရထားတွဲဆိုင်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး စတင်ထွက်ခွာမည့် ရထားစက်ခေါင်းကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရထားပေါ်တွင် လိုက်ပါစီးနင်းကြမည့် ခရီးသွားပြည်သူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ကြပြီး ရန်ကုန် - မော်လမြိုင် ခေတ်မီ DEMU ရထားတွဲဆိုင်းကြီး စတင်ထွက်ခွာကာ ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ပြီးမြောက်သည်။
#MNP #News









No comments:
Post a Comment