နေပြည်တော်၊ ဇူလိုင် ၅
၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးသီးနှံ၌ ဆောင်ရွက်မည့် Rice Export Zone အစီအစဉ်ကို နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ၃-၇-၂၀၂၆ ရက်နေ့က အွန်လိုင်းစနစ်ဖြင့် ကျင်းပသည့် ပြည်ထောင်စုအဆင့် ပြည်ပတင်ပို့မည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone) လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆)မှ သိရသည်။
အဆိုပါ အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက အမှာစကားပြောကြားပြီး ကော်မတီဝင်များနှင့် အစည်းအဝေးတက်ရောက် လာကြသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပြည်ထောင်စုအဆင့် ပြည်ပ တင်ပို့မည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone)လုပ်ငန်းကြီးကြပ်မှု ကော်မတီအနေဖြင့် မူဝါဒ၊ စည်းကမ်းသတ်မှတ်ချက်များ၊ ညွှန်ကြားချက်များ၊ စံလုပ်ထုံးလုပ်နည်းများအား အခါအားလျော်စွာ ဆောင်ရွက်ပေးခြင်း၊ ပြည်ပ တင်ပို့မည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone) အတွက် ရေးဆွဲထားသောစီမံချက်၊ စာချုပ်များအပေါ် လမ်းညွှန်မှုပြုခြင်း၊ ချေးငွေဆိုင်ရာ ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများ ကိုက်ညီမှုရှိစေရေး ထိန်းကျောင်းကြပ်မတ်ခြင်း၊ Exporter ကုမ္ပဏီနှင့် တောင်သူများအကြား အငြင်းပွားမှုများ ပေါ်ပေါက်လာပါက ဖြေရှင်းဆုံးဖြတ်ပေးရေးအပါအဝင် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိသည်။
၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးသီးနှံ၌ ဆောင်ရွက်မည့် Rice Export Zone အစီအစဉ်ကို နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး စုစုပေါင်း ဧက ၃ ဒသမ ၄ သိန်းကျော်တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းတွင်ပါဝင်သည့် တောင်သူများအား တစ်ဧကလျှင် ငွေကျပ် ၇ ဒသမ ၅ သိန်းနှုန်းပံ့ပိုးနိုင်ရေးအတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ငွေကျပ် သုံးသိန်းနှုန်း၊ ပါဝင်ဆောင်ရွက်မည့် Exporter ကုမ္ပဏီမှ ငွေကျပ်နှစ်သိန်းနှုန်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ် ၂ ဒသမ ၅ သိန်းနှုန်းဖြင့်ပံ့ပိုး၍ Rice Export Zone အစီအစဉ်ကို အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment