ဖလမ်း၊ ဩဂုတ် ၁၂
ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဖလမ်းမြို့ သစ္စာလမ်းမတစ်လျှောက်တွင် 400 Volt ကာဗာ လျှပ်စစ်မီးကြိုးများ ပြန်လည်သွယ်တန်းလျက်ရှိကြောင်း သိရသည်။
ယခင်က ဖလမ်းမြို့နှင့် အနီးအနားရှိ ကျေးရွာများကို မဟာဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးခဲ့ပြီး ဖလမ်းမြို့နယ်အတွင်း 400 Volt လျှပ်စစ်ဓာတ်အားပေးလိုင်း ၂၆ မိုင် ရှိသည့်အနက် အကြမ်းဖက်ဖြစ်စဉ်များကြောင့် 400 Volt လျှပ်စစ်ဓာတ်အားလိုင်း ခုနစ်မိုင်ခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။
မဟာဓာတ်အားလိုင်းနှင့် အသေးစားရေအားလျှပ်စစ်စက်ရုံတို့မှတစ်ဆင့် လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးချိန်တွင် အဆင်သင့်ဖြစ်စေရေးအတွက် လျှပ်စစ်မီးကြိုးများ ပြန်လည်သွယ်တန်းပြင်ဆင်နေမှုကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် ငါးလုပ်ငန်းဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာ ပြန်လည်ပြုပြင်တည်ဆောက်နေမှု၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဖလမ်းခရိုင်ရုံး အဆောက်အအုံပြုပြင်တည်ဆောက်နေမှု၊ သစ်တောဦးစီးဌာန ခရိုင်ဝန်ထမ်းအိမ်ရာအမိုးများ ပြုပြင်လဲလှယ်နေမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးအဆောက်အအုံပြုပြင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထို့အတူ တီးတိန်မြို့နှင့် တွန်းဇံမြို့များအတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တီးတိန်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးခန်းမ၌ တီးတိန်မြို့နယ် ထန်နွဲ့ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ပြန်လည်ပြုပြင်ရန် နိုင်ငံတော်က ထောက်ပံ့သည့် ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ ကျောင်းသုံးပရိဘောဂများ၊ ပုံနှိပ်စာအုပ်နှင့် ဗလာစာအုပ်များကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ကျေးရွာ ကျောင်းအကျိုးတော်ဆောင်များထံ လွှဲပြောင်းပေးအပ်သည်။
အလားတူ တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီအတွင်းရေးမှူးသည် ကော်မတီအဖွဲ့ဝင်များနှင့်အတူ တစ်စိတ်တစ်ပိုင်းပျက်စီးသည့် မြို့နယ်လမ်းဦးစီးဌာန ဧည့်ရိပ်သာ၊ လူငယ်သင်တန်းကျောင်းရုံးခန်းနှင့် အခြေခံပညာအထက်တန်းကျောင်း (တွန်းဇံ) ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
#News #Myanmar

No comments:
Post a Comment