နေပြည်တော်၊ ဩဂုတ် ၁၉
မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် 5G နည်းပညာဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ စတုတ္ထသုံးလပတ်အတွင်း 5G ဝန်ဆောင်မှု စတင်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့က ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် 5G နည်းပညာဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှု ပေးနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အစည်းအဝေးတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသက်ဝင်းအောင်က မြန်မာနိုင်ငံအနေနှင့် 5G နည်းပညာအသုံးပြု၍ ဝန်ဆောင်မှုပေးနိုင်ရန် 2600 MHz လှိုင်းနှုန်းစဉ်ကို သတ်မှတ်ချထားပေးပြီး ဖြစ်ပါကြောင်း၊ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် တစ်နှစ်အတွင်း စခန်းပေါင်း ၁၀၀၀ ခန့် တည်ဆောက်ပြီး ဝန်ဆောင်မှုပေးနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ 5G Task Force ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ အော်ပရေတာများအနေဖြင့် 5G နည်းပညာစမ်းသပ်ဆောင်ရွက်မှုအား ဆောင်ရွက်ထားပြီး ဖြစ်သည့်အတွက် ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးနှင့် ဝန်ဆောင်မှုအရည်အသွေးကောင်းမွန်စွာ ပေးနိုင်ရေးအတွက် ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ ပြည်သူများအတွက် အရည်အသွေးကောင်းမွန်သည့် 5G ဝန်ဆောင်မှုများပေးနိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း ဆွေးနွေးသည်။
ထို့ပြင် တက်ရောက်လာကြသူများက 5G နည်းပညာဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေး နိုင်ရေး ဆောင်ရွက်နေမှု၊ 5G ဝန်ဆောင်မှုပေးနိုင်ရန်လှိုင်းနှုန်း စဉ်ချထားပေးမှု၊ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့်အခြေအနေ၊ 5G ဝန်ဆောင်မှုပေးနိုင်ရေးအတွက် လိုအပ်သည့်စက်ပစ္စည်းများတင်သွင်းနိုင်ရေး ဆောင်ရွက်နေမှု၊ ဝန်ဆောင်မှု စတင်ဖွင့်လှစ်နိုင်ရေး လျာထားဆောင်ရွက်နေမှု၊ ဝန်ကြီးဌာနမှ ကူညီဆောင်ရွက်ပေးစေလိုသည့်ကိစ္စရပ်များကို ဆွေးနွေးကြသည်။
အစည်းအဝေးအပြီးတွင် ဒုတိယဝန်ကြီးသည် မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများနှင့် Vendors ကုမ္ပဏီများမှ 5G ဝန်ဆောင်မှုပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ ခင်းကျင်းပြသထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
#News #Myanmar

No comments:
Post a Comment