နေပြည်တော်၊ ဩဂုတ် ၁၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က တပ်ကုန်းမြို့နယ်အတွင်းရှိ ရွှေမြို့ကျေးရွာအဝင် ဆင်သေချောင်းကူးတံတား တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆင်သေချောင်းရေ မြင့်တက်လာမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ နေပြည်တော် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရေကြီးရေလျှံမှုလျော့ပါးစေရေးနှင့် ရေလမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအစီအမံများကိုလည်းကောင်း၊ နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်းတပ်ကုန်းမြို့နယ်၊ ဆင်သေချောင်းကူး (ရွှေမြို့ကျေးရွာအဝင်) ဘေလီတံတား ၉၅၀ ပေ တည်ဆောက်ခြင်း (ပထမပိုင်း) စီမံကိန်းဆိုင်ရာ အချက်အလက်များနှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်အတွင်း ဘေလီတံတားပြီးစီးမည့် အစီအမံများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးကောင်းမွန်ရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မိုးရွာသွန်းမှုကြောင့် ဆင်သေချောင်းရေ မြင့်တက်လာမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ချောင်းဘေးဝဲ/ယာရှိ ကျေးရွာများအတွင်း ရေဝင်ရောက်မှု မရှိစေရေးနှင့် လမ်းပမ်းဆက်သွယ်ရေးခက်ခဲမှုမရှိစေရန်အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ စနစ်တကျ ဆောင်ရွက်ထားရှိရန်မှာကြားကာဒေသခံပြည်သူများ၏တင်ပြချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ဆင်သေချောင်းအတွင်းရေကြီးရေလျှံမှုများဖြစ်ပေါ်ပါက နွယ်ရစ်ကျေးရွာချင်းဆက်လမ်းမှ ရန်ကုန်-မန္တလေး (လမ်းဟောင်း)သို့လည်းကောင်း၊ ဂါတ်ကုန်း-ဂါတ်ချိုင်းကျေးရွာချင်းဆက်လမ်းမှ ပုဗ္ဗသီရိမြို့ပတ်လမ်းများသို့ လည်းကောင်းပုံမှန်အတိုင်းသွားလာနိုင်ရေး ပြင်ဆင်ထားရှိကြောင်း သိရသည်။
#News #Myanmar







No comments:
Post a Comment