ပုသိမ်၊ ဩဂုတ် ၁၉
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယမန်နေ့နေ့လယ်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့၊ ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်းပိတ်ဆို့နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လုပ်ငန်းတိုးတက်မှု အခြေအနေများကို သွားရောက်ကြည့်ရှုသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ငဝန်တာနိမ့်ကျမှုအပေါ် ရေဝင်လမ်းကြောင်းပိတ်ဆို့နိုင်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဆောက်လုပ်ရေးဝန်ကြီးဌာနမှ Steel Sheet Pile ရိုက်သည့် စက်ရေယာဉ်တွဲများအပါအဝင် Jumbo Bags အား ကရိန်းအသုံးပြု၍လည်းကောင်း၊ ပန်းတာရေဝင်လမ်း ပိတ်ဆို့ကာကွယ်မည့် Geo-bags ချသည့် ဒဂုန်စာမရီရေယာဉ်နှင့် မြဟန်တိုး သဲယာဉ်တို့ဖြင့် လည်းကောင်း၊ မျောတုတ်တန်း အပြင်ဘက်ခြမ်းတွင် ပိုမိုတောင့်တင်းစေရန် နိုင်လွန်ပိုက်ကြိုးဖြင့် စုစည်းထုတ်ပိုးထားသည့် သဲအိတ်ဖြည့် ကာကွယ်ခြင်းဖြင့်လည်းကောင်း၊ ရေစီးဝင်လမ်းကြောင်း၏ ရေစီးနှုန်းအခြေအနေပေါ်မူတည်၍ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထိုမှတဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လေးမျက်နှာမြို့နယ်၊ သရက်ကန်ကျေးရွာသို့ ရောက်ရှိပြီး သရက်ကန်ကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ ရေဘေးရှောင်ပြည်သူများနှင့်တွေ့ဆုံ၍ “လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက ကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့လှူဒါန်းပေးလျက်ရှိပါကြောင်း၊ ရေဝင်လမ်းကြောင်း ပိတ်ဆို့နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ပညာရှင်များ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍နေ့ပိုင်း၊ ညပိုင်းဖြင့် အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ရင်ဆိုင်နေရသည့် အခက်အခဲများကို စိတ်ဓာတ်မကျဘဲ အချင်းချင်း ဖေးမကူညီရင်း အတူတကွကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့်အကူအညီများကို ဆက်လက်ပံ့ပိုး ပေးသွားမည် ဖြစ်ပါကြောင်း” ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ရပ်ရွာလုံခြုံရေးပိုင်းဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြွေအန္တရာယ်နှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေး ဟောပြောပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေဘေးရှောင်ပြည်သူများအား ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ပြီး ပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ညောင်ပင်ဝဲကျေးရွာသို့ ရောက်ရှိ၍ ဓမ္မာရာမကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ရေဘေးရှောင်ပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးတို့က အားပေးစကားများနှင့် ဟင်္သာတမြို့၊ ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန်က ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာနှင့်ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကာ ပြည်သူများ၏တင်ပြချက်များအပေါ် လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် Wilmar Myanmar လီမိတက်နှင့် National Infrastructure Holding ကုမ္ပဏီလီမိတက်တို့ပူးပေါင်း၍ အထောက်အပံ့ပစ္စည်းများကို ယမန်နေ့နံနက်ပိုင်းက ဟင်္သာတမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရိပ်သာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ လာရောက်လှူဒါန်းခဲ့သည်။
ဦးစွာ Wilmar Myanmar လီမိတက်နှင့် National Infrastructure Holding ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ခြုံစောင် (၁၀ဝဝ) ထည်၊ ကုလားပဲ 30kg (၆၅၀) အိတ်၊ ဟင်းချိုမှုန့် (၁၀ဝဝ) ထုပ်၊ ငါးပိချက် (၃၈ဝဝ) ထုပ် ပစ္စည်းတန်ဖိုး ကျပ် ၁၆၃,၇၅၀,၀၀၀ (တစ်ထောင်ခြောက်ရာသုံးဆယ့်ခုနှစ်သိန်းငါးသောင်းကျပ်)နှင့် အလှူငွေကျပ် ၅၀,၀၀၀,၀၀၀ (ကျပ်သိန်းငါးရာ)၊ စုစုပေါင်းတန်ဖိုးငွေကျပ် ၂၁၃,၇၅၀,၀၀၀ (နှစ်ထောင်တစ်ရာသုံးဆယ့်ခုနှစ်သိန်းငါးသောင်းကျပ်) အား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
အလားတူ ဩဂုတ်လ (၁၇) ရက်နေ့ နံနက်ပိုင်းတွင်လည်း လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများ အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန်းထွန်းက ရေသန့်ကတ် (၅၀၀) ကတ်နှင့် Galaxy Red Star ကုမ္ပဏီလီမိတက်တို့က ရေသန့်ကတ် (၁၀၀၀) ကတ်တို့အား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်
#News #Myanmar





No comments:
Post a Comment