နေပြည်တော်၊ ဩဂုတ် ၁၀
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု (ဗဟိုအဆင့်) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားပြီး ကျောင်းကျန်းမာရေးလုပ်ငန်းများတွင် ထူးချွန်ဆုရရှိကြသည့် ကျောင်းများအား ဆုများ ပေးအပ်ချီးမြှင့်သည်။
ဦးစွာ နိုင်ငံတော်သမ္မတသည် အခမ်းအနားကျင်းပမည့် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ သို့ ရောက်ရှိရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူ မောင်မယ်လေးများနှင့် ကျန်းမာရေးဝန်ထမ်းများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် အခမ်းအနားကို စတင်ကျင်းပရာ နိုင်ငံတော်သမ္မတက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု (ဗဟိုအဆင့်) အထိမ်းအမှတ်အခမ်းအနားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဗဟိုအဆင့် ဆေးရုံအုပ်ကြီးများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ ထူးချွန်ဆုရရှိကြသည့်ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ အမှတ် (၁၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဇဗ္ဗူသီရိမြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေမှ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်လေးများက ကျောင်းကျန်းမာရေးမြှင့်တင်ရေးသီချင်းဖြစ်သည့် “ဘဝတွက်တာ ကျောင်းကျန်းမာ” သီချင်းဖြင့် သရုပ်ဖော်ကပြတင်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ကျန်းမာရေးကဏ္ဍတွင် နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်မှုရှိစေရေးနှင့် သက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေးအတွက် “လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ” ဟူသည့် ဦးတည်ချက်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အရှိန်အဟုန်နှင့် ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် “ကျန်းမာမှ ပညာသင်ကြားနိုင်မည်၊ ကျန်းမာမှ အလုပ်လုပ်နိုင်မည်’’ ဟူသည့်အတိုင်း ငယ်ရွယ်စဉ်ကလေးဘဝကစပြီး အသက်အရွယ်ကြီးပြင်းလာသည်အထိ ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများကို ကျင့်သုံးသွားစေရန် အလွန်အရေးကြီးကြောင်း၊ ထို့အပြင် ကျန်းမာရေးနှင့်ညီညွတ်သည့် အမူအကျင့်များကို ကျောင်းသား၊ ကျောင်းသူများမှတစ်ဆင့် မိသားစုနှင့် ပြည်သူလူထုအတွင်း ပျံ့နှံ့ကျင့်သုံးလာစေပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် လူမှု အသိုက်အဝန်းတစ်ခုဖြစ်အောင် ဖော်ဆောင်သွားကြရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံတွင် ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ကိုလိုနီခေတ်က စတင်ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြဋ္ဌာန်းထားသည့် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ရောဂါကာကွယ်ခြင်းသာမက ကျောင်းသားများ၏ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး၊ အာဟာရနှင့်ကျန်းမာသည့် ဘဝနေထိုင်မှုပုံစံကိုပါ မြှင့်တင်ပေးသည့် ဘက်စုံကျောင်းကျန်းမာရေးစနစ်ဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ ကျန်းမာရေးပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသကဲ့ ပညာရေးအပိုင်းကလည်း ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိများ ပိုမိုရရှိစေရေး ကျောင်းသင်ခန်းစာများတွင် ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ်ကို ထည့်သွင်းသင်ကြားပေးလျက်ရှိကြောင်း။
ကျန်းမာရေးအဆင့်မြှင့်ကျောင်း လုပ်ငန်းစဉ်များကို ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများအပြင် ကျောင်းသားမိဘများအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးကလည်း သိရှိပြီး ပူးပေါင်းပါဝင်ပံ့ပိုးပေးကြရန် လိုအပ်ကြောင်း၊ ယင်းရည်ရွယ်ချက်ဖြင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများကို နှစ်စဉ်ဩဂုတ်လဒုတိယပတ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပုံမှန်ဆောင်ရွက်ကြခြင်းပင်ဖြစ်ကြောင်း၊ အလားတူ နှစ်စဉ်ဩဂုတ်လ ဒုတိယပတ်တွင် “ငါးနှစ်အောက်ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်” ကိုလည်း တစ်ချိန်တည်းဆောင်ရွက်ကြောင်းကို သိရှိရကြောင်း။
ထိုသို့ ကျောင်းကျန်းမာရေးသီတင်းပတ်နှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်တို့ကို တစ်ချိန်တည်းဆောင်ရွက်ခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးကို စစ်ဆေးပေးနိုင်သည့်အပြင် အရပ်၊ ကိုယ်အလေးချိန်နှင့် အာဟာရဖွံ့ဖြိုးမှုအခြေအနေများကိုပါ တိုင်းတာအကဲဖြတ်နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ကျောင်းသား၊ ကျောင်းသူများ၏ အာဟာရချို့တဲ့မှု၊ အဝလွန်မှုနှင့် ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ ပြဿနာများကို စောစီးစွာဖော်ထုတ်နိုင်ပြီး သင့်တော်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း မိဘ၊ ဆရာများနှင့် ကျန်းမာရေး ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများတွင် ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ကျောင်းမှန်မှန်တက်ရောက်မှု၊ သင်ယူနိုင်စွမ်းမြင့်မားမှု၊ ပညာရေးတွင် ထူးချွန်မှုစသည်တို့ကို ပိုမိုမြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး အနာဂတ်တွင် တိုင်းပြည်အတွက် အဖိုးတန်ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များကို ရရှိလာစေမည်ဖြစ်ကြောင်း။
ကျောင်းသားလူငယ်များ၏ ကာယ၊ ဉာဏဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကလေးများ မိခင်ဝမ်းအတွင်း သန္ဓေသားအဖြစ် ရှိနေချိန်မှစတင်ပြီး လိုအပ်သည့် အာဟာရဓာတ်များနှင့် ပြည့်စုံစေရန် ကိုယ်ဝန်ဆောင်မိခင်များ၏ အာဟာရပြည့်ဝရန်လည်း လိုအပ်ကြောင်း၊ မွေးဖွားပြီး မွေးကင်းစအရွယ်မှ ကလေးအသက် (၂) နှစ်ပြည့်သည့်အထိ “ဘဝရှေ့ဆောင် ရက်ပေါင်းတစ်ထောင်” ကာလအတွင်း၌လည်း အာဟာရပြည့်ဝအောင် ပြုစုကျွေးမွေးစောင့်ရှောက်ရန် အရေးကြီးကြောင်း၊ ထို့ကြောင့် အဆိုပါကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများ အာဟာရပြည့်ဝစွာ စားသောက်နိုင်ရေးအတွက်လည်း ငွေကြေးထောက်ပံ့ပေးသည့်အစီအစဉ် (MCCT) ကို လူမှုဝန်ထမ်းဦးစီးဌာနက တိုင်းဒေသကြီး၊ ပြည်နယ် (၇) ခုတွင်ရှိသည့် ဦးစားပေးဒေသများ၌ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအပါအဝင် နှီးနွှယ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆက်လက်ပြီး အသက် (၅) နှစ်အောက် ကလေးများ၏အာဟာရ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်အရွယ်အလိုက် အာဟာရပြည့်ဝမျှတစွာ ကျွေးမွေးပြုစုတတ်စေရန် ကျန်းမာရေးပညာပေးခြင်း၊ အာဟာရဖွံ့ဖြိုးမှု အခြေအနေကို ပုံမှန်စစ်ဆေးပြီး လိုအပ်သည့်ပြုစုကုသမှုများပေးခြင်းတို့ကိုလည်း အခြေခံကျန်းမာရေးဝန်ထမ်းများက ရပ်ရွာအခြေပြုဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့အပြင် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်းပြီး မူကြိုကျောင်းများတွင်လည်း ကျန်းမာရေးကြည့်ရှုစောင့်ရှောက်ပေးသည့်လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။
ကျောင်းသားလူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျောင်းနေအရွယ်ကလေးငယ်များတွင် အာဟာရဓာတ်များ ပိုမိုပြည့်ဝစွာရရှိစေရန်နှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရေးကိုလည်း အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အခြေခံပညာ ကျောင်းများကို ကျန်းမာရေးရှုထောင့်အရ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့်ကျောင်းများဖြစ်အောင် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ကျောင်းသားတစ်ဦးချင်းအလိုက် ကျောင်းကျန်းမာရေးစစ်ဆေးမှုများကို မှတ်တမ်းမှတ်ရာများဖြင့် စနစ်တကျ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် အခြေခံပညာအတန်းအားလုံး လွှမ်းခြုံမှုရှိအောင် ထပ်မံတိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့်ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားရေးရာ ဝန်ကြီးဌာနတို့က တာဝန်ရှိသူများအနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်ပြီး ထိထိရောက်ရောက်အောင်မြင်အောင် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်ညီညွတ်သည့် နေထိုင်စားသောက်မှုနှင့် လူနေမှုပုံစံများ ရရှိစေရေး ဘဝတွက်တာကျွမ်းကျင်စရာဘာသာရပ် သင်ကြားပေးခြင်း၊ အမှိုက်ကင်းစင်ရေး၊ သန့်ရှင်းသည့် ယင်လုံအိမ်သာသုံးစွဲရေး၊ သန့်ရှင်းသည့်ရေရရှိရေးစသည့် ပတ်ဝန်းကျင်သန့်ရှင်းရေးများကို ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ထို့အပြင် တစ်ကိုယ်ရည် သန့်ရှင်းရေးအလေ့အကျင့်များ ရရှိကျင့်သုံးစွဲမြဲစေရန် စနစ်တကျလက်ဆေးခြင်း၊ သွားတိုက်ခြင်းစသည်တို့ကို သင်ကြားပေးခြင်း၊ သွေးအားနည်းရောဂါကာကွယ်ရန် ကျောင်းအခြေပြု သန်ချဆေးတိုက်ကျွေးခြင်းနှင့် အလယ်တန်းနှင့် အထက်တန်းကျောင်းသူများကို သံဓာတ်ဆေးပြား တစ်ပတ်လျှင် နှစ်ကြိမ် တိုက်ကျွေးခြင်း၊ ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းတို့လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ကျောင်းတွင်းအစားအစာများ အန္တရာယ်ကင်းဝေးစေရေး လုပ်ငန်းများဖြစ်သည့် ကျောင်းမုန့်ဈေးတန်းကိုလည်း ပုံမှန်စစ်ဆေးပြီး အာဟာရပြည့်ဝသည့် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကိုသာ ရောင်းချစေခြင်း၊ အစားအစာရောင်းချသူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ မျက်စိနှင့် သွားကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် ပဏာမကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
နိုင်ငံတော်က ချမှတ်ထားသော အမျိုးသားကျန်းမာရေးစီမံကိန်းတွင် ပါဝင်သည့် ကျောင်းကျန်းမာရေး စီမံချက်များကို ကြီးကြပ်ဆောင်ရွက်နိုင်ရန်နှင့် ကျောင်းသားလူငယ်တစ်ရပ်လုံး ကျန်းမာကြံ့ခိုင်စေရေး ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် “ကျောင်းကျန်းမာရေးဗဟိုကော်မတီ” ကို ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ အလားတူ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ကျောင်းအဆင့်များတွင် ကျောင်းကျန်းမာရေးကော်မတီများကို ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများအပြင် လူမှုရေးအသင်းအဖွဲ့များ၊ အမှန်တကယ်စိတ်ပါဝင်စားစွာ ဆောင်ရွက်ပေးနိုင်သူများနှင့် ဖွဲ့စည်းပြီး ထိရောက်အောင်မြင်အောင် လုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း။ ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းအလိုက် ကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်များ ထားရှိခြင်းကို (၂၀၂၂-၂၀၂၃) ပညာသင်နှစ်တွင် KG မှ စတင်ဆောင်ရွက်လျက်ရှိသည်ဟု သိရှိရကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မူလတန်းအရွယ်ကလေးများအပြင် ဆယ်ကျော်သက်အရွယ်ကလေးများတွင်ပါ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ယခုပညာသင်နှစ်မှစတင်ပြီး Grade-12 အထိစဉ်ဆက်မပြတ် လွမ်းခြုံမှုရရှိအောင် အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ထို့အပြင် ၂၀၃၀ ပြည့်နှစ်တွင် မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်း တိုးမြင့်လာရေး ဆောင်ရွက်လျက်ရှိခြင်းကြောင့် အရွယ်မတိုင်ခင်သေဆုံးမှုများကို လျှော့ချရန်အတွက် ကျန်းမာရေးနှင့်ညီညွတ်သည့် လူနေမှုဘဝပုံစံများ ရရှိစွဲမြဲကျင့်သုံးတတ်စေရန် ကျောင်းနေစဉ်အရွယ်ကတည်းက လေ့ကျင့်သင်ကြားပေးသွားကြရမည်ဖြစ်ကြောင်း၊ သို့မှသာ ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်သည့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗလငါးတန်နှင့်ပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များကို ရရှိမည်ဖြစ်ကြောင်း။
ထို့ကြောင့် ကလေးအရွယ်မှစပြီး ဘဝတစ်သက်တာတွင် အစာအမျိုးအမည် (၅) မျိုးပါအောင် စုံလင်စွာ စားသောက်တတ်သည့် အလေ့အကျင့်နှင့် မိသားစုများပါ ကျန်းမာရေးနှင့်ညီညွတ်ပြီး အာဟာရပြည့်ဝမျှတသော အစားအသောက်များ စားသုံးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိကျင့်သုံးကြရန်လိုကြောင်း၊ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းညှိနှိုင်းပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်က စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းအတွက် ကျန်းမာရေးဝန်ကြီးဌာနကို ခွင့်ပြုရန်ပုံငွေများ ချထားပေးလျက်ရှိပြီး ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်လည်း ရန်ပုံငွေ ကျပ် ၂ ဒသမ ၈၂ ဘီလီယံကို ပထမအကြိမ် ခွဲဝေချထားခဲ့ပြီး ဆက်လက်၍လည်း တိုးမြှင့်ချထားပေးသွားမည်ဖြစ်ကြောင်း။
ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များထဲမှ တစ်ခုဖြစ်သည့် သင်တန်းနှင့် သုတေသနလုပ်ငန်းအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ၁၃ နှစ်မှ ၁၇ နှစ်အတွင်း ဆယ်ကျော်သက်ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁,၁၅၅) ဦး၏ ကျန်းမာရေးဆိုင်ရာအခြေအနေများကို လေ့လာဆန်းစစ်ခဲ့သည်ကိုသိရှိရကြောင်း၊ အဆိုပါသုတေသနရလဒ်အရ ကိုယ်အလေးချိန်လျော့နည်းသည့် ကျောင်းသား၊ ကျောင်းသူ ၂၃ ရာခိုင်နှုန်းနှင့် အဝလွန်သည့် ကျောင်းသား၊ ကျောင်းသူ ၄ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူ သုံးပုံတစ်ပုံခန့်သာ တစ်ပတ်လျှင် အနည်းဆုံးတစ်နာရီခန့် ကိုယ်လက်လှုပ်ရှားမှုရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူ ဆယ်ပုံတစ်ပုံခန့်က စိတ်ဖိစီးမှုများ ခံစားနေရကြောင်း၊ ဆယ်ကျော်သက် ကျောင်းသား၊ ကျောင်းသူများမှာ အီး-စီးကရက် (Vape) အပါအဝင် ဆေးလိပ်၊ အရက်ပါ၀င်သည့် အဖျော်ယမကာနှင့် မူးယစ်ဆေးစမ်းသပ်သုံးစွဲမှုများရှိနေသည်ကို လေ့လာတွေ့ရှိရကြောင်း။
ကျောင်းအားလုံးကို ဆေးလိပ်ကင်းစင်သည့်ကျောင်းများအဖြစ် မူဝါဒချမှတ်ပြီးဖြစ်သဖြင့် လက်တွေ့အခြေအနေတွင်လည်း ဆေးလိပ်ကင်းစင်သည့် ကျောင်းများ ဖြစ်စေရန်လိုအပ်ကြောင်း၊ ကျောင်းပတ်ဝန်းကျင် ပေ (၁၀၀) အတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ရောင်းချခြင်းနှင့် ကြော်ငြာခြင်းတို့ကို ဥပဒေအရ ပိတ်ပင်တားမြစ်ထားကြောင်း၊ ထို့အပြင် အီး-စီးကရက်နှင့် ဆက်စပ်ပစ္စည်းများ သုံးစွဲခြင်းနဲ့ လက်ဝယ်ထားရှိခြင်းကို ဥပဒေဖြင့် ပိတ်ပင်တားမြစ် ထားပြီးဖြစ်သည့်အတွက် ဥပဒေနှင့်အညီ ထိန်းသိမ်းကြပ်မတ်ကြရန်နှင့် ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန်လိုအပ်ကြောင်း။
ကျောင်းများတွင် ကျန်းမာရေးနှင့်ညီညွတ်သော အာဟာရပြည့်ဝသည့် နေထိုင်စားသောက်မှုနှင့် လူနေမှုပုံစံများဖြစ်သည့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်း၊ ဆေးလိပ်၊ Vape၊ အရက်နှင့် မူးယစ်ဆေးဝါး ရှောင်ကြဉ်ခြင်းစသည့် ပညာပေးလှုပ်ရှားမှုအစီအစဉ်များတွင် ကျောင်းသား၊ ကျောင်းသူအားလုံး တက်ကြွစွာပါဝင်လာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိတ်ကျန်းမာရေး ကောင်းမွန်စေရေးနှင့်ပတ်သက်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လုံလောက်သည့် အိပ်စက်ချိန် ရရှိရေး၊ စိတ်ဖိစီးမှုများ ခံစားနေရသည့်ကလေးများကို မိဘနှင့်ဆရာများက ပူးပေါင်းပြီး ကူညီပံ့ပိုးမှုရှိသည့် ပတ်ဝန်းကျင်များ၊ အပြုသဘောဆောင်သည့် ဆက်ဆံရေးများနှင့် အားပေးကူညီခြင်းတို့ကိုလည်း သက်ဆိုင်သူအားလုံးကပူးပေါင်းပြီး ပိုမိုအလေးထားဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
ယနေ့ကျောင်းသားလူငယ်များသည် နောင်အနာဂတ်ကာလတွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် လူသားအရင်းအမြစ်များ ဖြစ်ခြင်းကြောင့် ကလေးများ ကာယ၊ ဉာဏ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများ စားသုံးတတ်သည့် အလေ့အကျင့်ကောင်းများကို ငယ်စဉ်ကတည်းက ရရှိစွဲမြဲ ကျင့်သုံးနိုင်စေရန်နှင့် အရက်၊ ဆေးလိပ်၊ Vape နှင့် မူးယစ်ဆေးရှောင်ကြဉ်မှုအပါအဝင် ကျန်းမာရေးနှင့်ညီညွတ်သည့် အမူအကျင့်များကို ကျောင်းသားလူငယ် ဘဝကတည်းက သိရှိလိုက်နာကျင့်သုံးအောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ နှစ်စဉ် ကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ်ပါ အချက်အလက်များကို ပြန်လည်သုံးသပ်ပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ထိထိရောက်ရောက် ဆောင်ရွက်ပေးကြရန်နှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းစဉ်များကို ယခုထက်ပိုပြီး ထိရောက်စွာ ဆောင်ရွက်ကြပြီး ကျန်းမာကြံ့ခိုင်သည့်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံတော်၏အနာဂတ် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွက်လာရေး အလေးထားဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတက ကျောင်းကျန်းမာရေးလုပ်ငန်းများထူးချွန်ဆု (ပထမဆု) ရရှိကြသည့် ကျောင်းများဖြစ်ကြသည့် အခြေခံပညာအထက်တန်းအဆင့်တွင် ပထမဆုရရှိသည့် အမှတ် (၂၇) အခြေခံပညာအထက်တန်းကျောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ အခြေခံပညာအလယ်တန်းအဆင့်တွင် ပထမဆုရရှိသည့် အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ အခြေခံပညာမူလတန်းအဆင့်တွင် ပထမဆုရရှိသည့် အခြေခံပညာမူလတန်းကျောင်း၊ တောင်ပို့ကြီး (မြောက်)၊ ညောင်ရွှေမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှ ကျောင်းအုပ်ကြီးများအား ဆုများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ဒုတိယသမ္မတ များဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့က အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းကျန်းမာရေးလုပ်ငန်းထူးချွန်ဆု ဒုတိယဆုနှင့် တတိယဆုရရှိကြသည့် ကျောင်းများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကျောင်းကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ Video Clip နှင့် ဇဗ္ဗူသီရီမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများက ကျောင်းကျန်းမာရေးမြှင့်တင်ရေးသီချင်းဖြစ်သည့် “စုံအောင်စားစို့” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုကြပြီး နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု (ဗဟိုအဆင့်) အထိမ်းအမှတ် လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို လိုက်လံကြည့်ရှုပြီး တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြမှုအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ဆက်လက်ပြီး နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်း၊ ဇဗ္ဗူသီရီမြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းအတွက် ဆရာ၊ ဆရာမများနှင့် မိဘများ ပူးပေါင်းပြင်ဆင်ချက်ပြုတ်ထားသည့် ဟင်းလျာများ ပြသထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများက အာဟာရပြည့်ဝကျန်းမာစွာဖြင့် စားသုံးနိုင်သည့် အစားအစာအုပ်စုများနှင့် တစ်နေ့တာ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံအကြောင်း ရှင်းလင်းတင်ပြမှု၊ KG ကျောင်းသား၊ ကျောင်းသူလေးများအား ဆရာ၊ ဆရာမများနှင့် မိဘများ ပူးပေါင်းပြင်ဆင်ချက်ပြုတ်ထားသည့် အာဟာရဖြည့်ဟင်းလျာများ ကျွေးမွေးနေမှု၊ ကျောင်းကျန်းမာရေး မြှင့်တင်ရေးသီချင်းဖြစ်သည့် “စုံအောင်စားစို့” တေးသီချင်း ဖြင့် ကျောင်းသား၊ ကျောင်းသူများက သရုပ်ဖော်ကပြတင်ဆက်မှုတို့ကို ကြည့်ရှုကြပြီး နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့်အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ၎င်းတို့ အသက်အရွယ် ကျား/မ အုပ်စုအလိုက် သံချဆေးနှင့် သံဓာတ်အား ဆေးများကို တိုက်ကျွေးပေးကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မူလတန်းကျောင်းသား၊ ကျောင်းသူများက ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း သရုပ်ပြသမှု၊ မူလတန်းကျောင်းသား၊ ကျောင်းသူများက စနစ်တကျလက်ဆေးခြင်းနှင့် စနစ်မှန်သွားတိုက်ခြင်း သရုပ်ပြသမှု၊ ကျောင်းစာကြည့်တိုက်တွင် အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများက ကျန်းမာရေးနှင့်အညီ သန့် ၅ သန့် ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ အဖွဲ့လိုက်ဆွေးနွေးမှု၊ အီး-စီးကရက် (Vape) အပါအဝင် ဆေးလိပ်၊ အရက်ပါ၀င်သည့် အဖျော်ယမကာနှင့် မူးယစ်ဆေးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုး အန္တရာယ်များနှင့်ပတ်သက်၍ အဖွဲ့လိုက် အပြန်အလှန်ဆွေးနွေးလေ့လာလျက်ရှိမှု၊ ကျန်းမာရေးနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများက ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုလျက်ရှိမှု၊ အထွေထွေ ကျန်းမာရေးစစ်ဆေးမှုအား KG ၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများတွင် ဆောင်ရွက်လျက်ရှိမှု၊ ပဏာမမျက်စိစောင့်ရှောက်မှုလုပ်ငန်းများကို အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများတွင် ဆောင်ရွက်လျက်ရှိမှုနှင့် သွားနှင့် ခံတွင်းကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်လျက်ရှိသည့် ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များ တစ်ခုချင်းစီ အလိုက် လှည့်လည်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar










No comments:
Post a Comment