နေပြည်တော်၊ ဩဂုတ် ၁၄
၁၉၈၂ ခုနှစ်မှ ယနေ့အချိန်အထိ သုတေသနဌာနသည် ဆေးဝါးအမျိုးအစား ၆၆ မျိုးကို အောင်မြင်စွာစမ်းသပ်ဖော်ထုတ်နိုင်ခဲ့ပြီး ယခုတီထွင်မှုများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ခွင့်ပြုချက်ရရှိရုံသာမက ပြည်တွင်းဆေးဝါးစက်ရုံများသို့ နည်းပညာလွှဲပြောင်းပေးအပ်နိုင်ခဲ့၍ ပြည်တွင်းထုတ်လုပ်မှုကို အားကောင်းစေပြီး ပြည်ပမှတင်သွင်းမှုအပေါ်မှီခိုမှုကို လျှော့ချနိုင်ခဲ့ကြောင်း၊ ဆေးဝါးအမျိုးအစားသစ် ခြောက်မျိုးဖြစ်သည့် ဆီးချိုရောဂါကုသဆေး နှစ်မျိုး၊ အိတ်ချ်အိုင်ဗွီ (HIV) ရောဂါ ကုသဆေးတစ်မျိုး၊ အရိုးအကြောအဆစ်ရောဂါ ကုသဆေးတစ်မျိုး၊ ကင်ဆာရောဂါကုသ ဆေးတစ်မျိုး၊ မေ့ဆေးတစ်မျိုးတို့ကို အောင်မြင်စွာတီထွင်နိုင်ခဲ့ကြောင်း၊ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ သုတေသနဌာန၌ကျင်းပသည့် ဆေးဝါးအမယ်သစ် ခြောက်မျိုးအား သုတေသနပြုစမ်းသပ်၍ အောင်မြင်ခဲ့သည့်အတွက် ကျင်းပသည့် ဂုဏ်ပြုအခမ်းအနားမှ သိရသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ယခုလိုစမ်းသပ်အောင်မြင်မှုသည် ပြည်သူ့ကျန်းမာရေးအတွက် ကြီးမားသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ စမ်းသပ်အောင်မြင်ခဲ့သော ဆေးဝါးခြောက်မျိုးနှင့်ပတ်သက်သည့် ရောဂါဝေဒနာခံစားနေရသော လူနာများအတွက် ဘေးကင်းလုံခြုံပြီး အရည်အသွေးမြင့်၊ ချိုသာသောဈေးနှုန်းဖြင့် ဆေးဝါးများရရှိခြင်းသည် တန်ဖိုးဖြတ်၍မရသော အကျိုးကျေးဇူးတစ်ရပ်ဖြစ်ကြောင်း၊ ဆေးဝါးများကို ပြည်တွင်း၌ပင် ထုတ်လုပ်နိုင်ခြင်းကြောင့် မိမိတို့၏ ပြည်သူများသည် အချိန်မီ၊ ကုန်ကျစရိတ်သက်သာစွာဖြင့် ယုံကြည်စိတ်ချရသော ကုသမှုကိုရရှိနိုင်မည်ဖြစ်ပြီး ပြည်ပဆေးဝါးများအပေါ် မှီခိုမှုကြောင့်ဖြစ်ပေါ်လေ့ရှိသော ငွေကြေးအခက်အခဲများကိုလည်း သက်သာစေနိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ပိုမိုကောင်းမွန်သော ဆေးဝါးအမျိုးအစားသစ်များကို ဆက်လက်တီထွင်ထုတ်လုပ်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆေးဝါးအမယ်သစ်ခြောက်မျိုးကို အောင်မြင်စွာ စမ်းသပ်ဆောင်ရွက်ခဲ့သည့် ပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၍ သုတေသနဌာနအတွင်း ဆေးဝါးအမယ်များ ထပ်မံထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
#News #Myanmar

No comments:
Post a Comment