ဝါရှင်တန်၊ သြဂုတ် ၁၅
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌတို့က ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC မှ ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ခြင်းနှင့်စပ်လျဉ်း၍ ဖော်ပြချက်များအပေါ် မြန်မာသံရုံး (ဝါရှင်တန်) က ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ မဲမသမာမှု၊ အဂတိလိုက်စားမှုနှင့် မှားယွင်းသော စီမံခန့်ခွဲမှုများ ကျူးလွန်ကြောင်း တရားဥပဒေအရ ပြစ်မှုထင်ရှားသည့်အတွက် ပြစ်မှုဆိုင်ရာဥပဒေအရ စိစစ်အရေးယူထားခြင်း ဖြစ်ကြောင်း တုန့်ပြန် ထားသည်ကို တွေ့ရသည်။
မြန်မာသံရုံး (ဝါရှင်တန်) ၏ ထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဗျူရိုနှင့် အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌတို့က ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)၏ ဌာနေကိုယ်စားလှယ်တို့ ၃-၈-၂၀၂၆ ရက်တွင် တွေ့ဆုံခဲ့မှုကို ကြိုဆိုကြောင်း X လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ကြောင်း၊ ယင်းဖော်ပြချက်တွင် အပြုသဘောဆောင်သော ဖော်ပြချက်များကို အသိအမှတ်ပြု သော်လည်း “ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းနှင့်ခြွင်းချက်မရှိလွှတ်ပေးရန်” ဟူသည့် တောင်းဆိုချက်သည် နိုင်ငံတစ်နိုင်ငံ၏ သက်ဆိုင်ရာ တရားစီရင်ရေး လုပ်ငန်းစဉ်နှင့် ဥပဒေ စိုးမိုးရေးဆိုင်ရာ အခြေခံမူများအပေါ် သက်ရောက်မှုရှိစေပါသည်။ ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲ မဲမသမာမှု၊ အဂတိလိုက်စားမှုနှင့် မှားယွင်းသော စီမံခန့်ခွဲမှုများ ကျူးလွန်ကြောင်း တရားဥပဒေအရ ပြစ်မှုထင်ရှားသည့်အတွက် ပြစ်မှုဆိုင်ရာဥပဒေအရ စိစစ်အရေးယူထားခြင်း ဖြစ်ကြောင်း၊ အစိုးရက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှုထောင့်အရ ၎င်းအား ပြစ်ဒဏ်များ လျှော့ပေါ့ပေးလျက်ရှိသော်လည်း ခြွင်းချက်မရှိ လွှတ်ပေးရန်ကိစ္စမှာ တရားဥပဒေနှင့်အညီသာ ဖြစ်နိုင်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပြစ်ဒဏ်ကျခံနေရသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့် ပြစ်ဒဏ်များလျှော့ပေါ့ပေးခြင်းများကို လူသားချင်းစာနာထောက်ထားမှု ရှုထောင့်မှ အလေးထား၍ အကြိမ်ကြိမ် ဆောင်ရွက်ပေးခဲ့ရာ ၂၀၂၁ ခုနှစ်မှ ယခုအချိန်အထိ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့် အကျဉ်းသားအရေအတွက်မှာ ၁၂၆,၉၆၄ ဦး ရှိပြီဖြစ်ကြောင်း၊ ဦးဝင်းမြင့်ကိုလည်း ပြစ်ဒဏ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ အပြုသဘောဆောင်သော ဖော်ပြချက်များကို အသိအမှတ်ပြု မှတ်သားထားသော်လည်း၊ အပြုသဘောမဆောင်သည့် တောင်းဆိုချက်များ အပေါ် စိတ်မသက်မသာ ဖြစ်ရကြောင်း တုန့်ပြန်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပါတီစုံ ဒီမိုကရေစီစနစ်အရ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ် ကျင်းပခဲ့သည်။ အဆိုပါရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄.၂၃ သန်းရှိသည့်အနက် ဆန္ဒမဲပေးသူ ၁၃.၁၃ သန်းကျော် ဆန္ဒမဲပေးခဲ့ကြပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ၏ ၅၄.၂၂ ရာခိုင်နှုန်းသော ပြည်သူများက လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့ကြသည်။ လူငယ်များစွာ ပါဝင်သည့် မဲဆန္ဒရှင်ပြည်သူများက ၎င်းတို့၏ လွတ်လပ်သော ဆန္ဒသဘောထားများဖြင့် ဆန္ဒမဲပေးခဲ့ကြပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ် ဖြစ်ခဲ့သည်။
ယခုလက်ရှိ အစိုးရသည် ပြည်သူများက ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်ပြီး၊ ရွေးကောက်ခံအစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာ လျှောက်လှမ်းသွားမည် ဖြစ်ရာ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှု အစောပိုင်းအဆင့်တွင်သာ ရှိနေသေးသည့် မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ အပြုသဘောဆောင်သည့် လက်တွဲပူးပေါင်းဆောင်ရွက်မှုလိုအပ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်း မြန်မာသံရုံး (ဝါရှင်တန်) မှ ထုတ်ပြန်ထားသည်။
#News #Myanmar

No comments:
Post a Comment