ဩဂုတ် - ၂၃ ( တနင်္ဂနွေနေ့ )
အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်ဟာ သူတို့ရဲ့ တရားဝင်သတင်းစာဖြစ်တဲ့ Stars and Stripes က အကြီးတန်း ဝန်ထမ်းတွေကို အလုပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။ စာတည်းအဖွဲ့ရဲ့ မူဝါဒပိုင်းမှာ အစိုးရက ဝင်ရောက် စွက်ဖက် နေတယ်လို့ အဲဒီဝန်ထမ်းတွေက လူသိရှင်ကြား ဝေဖန်ခဲ့ပြီးတဲ့နောက် အခုလို ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။
၁၈၆၁ ခုနှစ် အမေရိကန်ပြည်တွင်းစစ် ကာလအတွင်း စတင်ထုတ်ဝေခဲ့တဲ့ အဲဒီသတင်းစာဟာ အမေရိကန် တပ်ဖွဲ့ဝင်တွေ အတွက် အသံတစ်သံ ဖြစ်ခဲ့ပြီး၊ အွန်လိုင်းနဲ့ ပြည်ပပုံနှိပ်မူတွေကနေတစ်ဆင့် စာဖတ်သူ ၁.၄ သန်းနီးပါးဆီ နေ့စဉ် ရောက်ရှိနေတာပါ။ ဒီသတင်းစာဟာ ပင်တဂွန်ဆီကနေ ရန်ပုံငွေ အစိတ်အပိုင်းအချို့ ရရှိနေပေမဲ့ ဥပဒေအရတော့ သတင်းတည်းဖြတ်မှုမှာ လွတ်လပ်ခွင့်ရှိရမှာ ဖြစ်ပါတယ်။ သတင်းစာဟာ လတ်တလောမှာ အီရန်နဲ့စစ်ပွဲအတွင်း အမေရိကန်ရဲ့ စစ်ဗျူဟာတွေကို ဝေဖန်ခဲ့သလို စစ်ဆင်ရေးအတွင်း စစ်တပ်ရင်ဆိုင်နေရတဲ့ ပြဿနာတော်တော်များများကိုလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဓိကအယ်ဒီတာ အီရစ် ဆလဗင်၊ ထုတ်ဝေသူ မက်စ် လီဒါရာ နဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ သတင်းထောက် လာရာကော်တီ တို့ သုံးဦးလုံးဟာ အမိန့်မနာခံမှု အကြောင်းပြချက်နဲ့ သောကြာနေ့က အလုပ်မှထုတ်ပယ်ကြောင်း အကြောင်းကြားစာ ရရှိခဲ့ကြတာပါ။
ဆလာဗင် က အေပီသတင်းဌာနကို ပြောကြားရာမှာတော့ “CBS နဲ့ အင်တာဗျူးတုန်းက တပ်ဖွဲ့ဝင်တွေအတွက် သတင်းတွေကို ဆင်ဆာဖြတ်တာမျိုး ဖြစ်လာရင် ဒါဟာ လုံးဝလက်မခံနိုင်တဲ့ စည်းတစ်ကြောင်း ဖြစ်သွားလိမ့်မယ်လို့ ပြောခဲ့တာကြောင့်” အလုပ်ထုတ်ခံရတာလို့ ဆိုပါတယ်။“ဥပဒေနဲ့ ဌာနရဲ့ မူဝါဒတွေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း Stars and Stripes သတင်းစာဟာ တည်းဖြတ်မှုပိုင်း လွတ်လပ်ခွင့် ရှိရမယ်ဆိုတဲ့ မူကိုပဲ ကျနော်ဆက်လက်စွဲကိုင်ထားပါတယ်” လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့လက အလားတူ အင်တာဗျူးမှာ ပါဝင်ခဲ့တဲ့ ကော်တီ ကတော့ CBS နဲ့ အင်တာဗျူးတုန်းက သူမဟာ Stars and Stripes အတွက် အလုပ်လုပ်တာဖြစ်ပြီး "ပင်တဂွန်၊ အစိုးရအဖွဲ့ ဒါမှမဟုတ် မူဝါဒချမှတ်သူတွေအတွက် လုပ်ပေးနေတာ မဟုတ်ဘူး" လို့ ပြောခဲ့အပြီးမှာ အလုပ်ထုတ်ခံလိုက်ရတာဖြစ်ကြောင်း အိတ်စ် ဆိုရှယ်မီဒီယာ မှာ ရေးသားခဲ့ပါတယ်။
ထုတ်ဝေသူအဖြစ် ၁၉ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး လာမယ့် စက်တင်ဘာလမှာ အငြိမ်းစားယူတော့မယ့် လီဒါရာ ကလည်း သတင်းစာရဲ့ "တန်ဖိုးနဲ့ သမိုင်းပေးတာဝန်" အပေါ် သူနားလည်လက်ခံထားမှုဟာ ပင်တဂွန်ခေါင်းဆောင်ပိုင်းရဲ့ အစီအစဉ်တွေနဲ့ "အခြေခံကျကျ ကွဲလွဲနေတယ်" လို့ အင်္ဂါနေ့က တင်သွင်းခဲ့တဲ့ နှုတ်ထွက်စာမှာ ရေးသားထားပါတယ်။ ဇူလိုင် ၅ ရက်က ထွက်ရှိခဲ့တဲ့ အင်တာဗျူးမှာတော့ သတင်းထောက်တွေက သတင်းစာရဲ့ လွတ်လပ်ခွင့်ကို အာမခံထားတဲ့ စည်းမျဉ်းတွေကို ပြင်ဆင်တာတွေအပြင် ပင်တဂွန်က "စိတ်ဓာတ်ရေးရာကို ကျဆင်းစေတဲ့ အာရုံစိုက်မှုလွဲမှားစေတဲ့ အရာတွေ" လို့ ခေါ်ဆိုတဲ့အရာတွေကို သတင်းစာထဲကနေ ဖယ်ရှားဖို့ ဖိအားပေးလာမှုအပေါ် ဝေဖန်ခဲ့ကြတာပါ။
Ref: RT
#News #Myanmar

No comments:
Post a Comment