ပြည်တွင်းစားသုံးမှုဖူလုံအောင် ဖြန့်ဖြူးရန်၊ ပိုလျှံသည်များကို ပြည်ပသို့ ပို့ကုန်နှစ်ဆတိုးမြှင့်တင်ပို့ရန် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ မှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်တွင်းစားသုံးမှုဖူလုံအောင် ဖြန့်ဖြူးရန်၊ ပိုလျှံသည်များကို ပြည်ပသို့ ပို့ကုန်နှစ်ဆတိုးမြှင့်တင်ပို့ရန် ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ မှာကြား


နေပြည်တော်၊ သြဂုတ် ၁၅

ပြည်တွင်းစားသုံးမှု ဖူလုံအောင် ဦးစွာဖြန့်ဖြူးရန်၊ ဖြန့်ဖြူးရာတွင် ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရန်နှင့် ပိုလျှံသည်များကို ပြည်ပသို့ ပို့ကုန်နှစ်ဆတိုးမြှင့်တင်ပို့ရန် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် စက်မှုဇုန်(၁)ရှိ Shwe War Yaung Agriculture Production Co.,Ltd. ၌ ပြည်ပသို့တင်ပို့ရန် အဆင့်မြင့်ဆန်များကို သန့်စင်ခြင်း၊ အ‌ရောင်ခွဲခြင်း၊ အရွယ်အစား ခွဲခြားသတ်မှတ်ခြင်း၊ အရည်အသွေးပြည့်မီစေရေး စစ်ဆေးခြင်း၊ အိတ်သွတ်ထုပ်ပိုးခြင်း လုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးစဉ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထွန်းအုံက မှာကြားသည်။

ဆက်လက်၍ လှိုင်သာယာစက်မှုဇုန်(၁)ရှိ Mega Pack Co.,Ltd. ၏ သွင်းကုန်အစားထိုး လုပ်ငန်းဖြစ်သည့် ဆန်အိတ်၊ ပဲအိတ်၊ ဓာတ်မြေသြဇာအိတ်၊ ကြက်သွန်အိတ် အပါအဝင် ပီနံအိတ်ခွံ ၆၀ ခန့်ထုတ်လုပ်သည့် စက်ရုံနှင့် KK Fishing Net Factory Co,. Ltd. ၏ ရွက်လှေတံဆိပ် ငါးဖမ်းပိုက်ထုတ်လုပ်သည့် စက်ရုံလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူက တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ တင်သွင်းလာသော အဆင့်မြင့် အလိုအလျောက်စနစ် သုံးစက်ယန္တရားများဖြင့် ငါးဖမ်းပိုက်များထုတ်လုပ်၍ အရှေ့ တောင်အာရှနိုင်ငံ ဈေးကွက်များသို့ တင်ပို့လျက်ရှိကာ တောင်အမေရိကနှင့် အ‌ရှေ့အလယ်ပိုင်း နိုင်ငံများရှိ ဈေးကွက်သို့ တိုးချဲ့တင်ပို့ရန် ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပို့ကုန်နှစ်ဆတိုးမြှင့်တင်ပို့နိုင်ရေးနှင့် ဈေးကွက်ချိတ်ဆက်နိုင်ရေးအတွက် ဝန်ကြီးဌာနမှ စီးပွားရေးသံမှူးများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ဆွေးနွေးမှာကြားသည်။

အလားတူ လှိုင်သာယာစက်မှု ဇုန်(၄)ရှိ Thamadi Family Co.,Ltd. ၏ ဆန်စက်၌ ပြည်ထောင်စုဝန်ကြီးက ပြည်ပတင်ပို့ရာတွင် ဝယ်ယူသည့်နိုင်ငံ၏ ဈေးကွက်လိုအပ်ချက်နှင့်အညီ တင်ပို့ရန်၊ ပြည်ပပို့ကုန်ပစ္စည်းများအား သတ်မှတ်အရည်အသွေး ပြည့်မီစေရေး အလေးထား‌ ဆောင်ရွက်ရန်မှာကြားပြီး စက်ရုံအတွင်း အဆင့်မြင့်ဆန်များ ကြိတ်ခွဲထုတ်လုပ်နေမှု၊ ပြည်ပသို့တင်ပို့ရန် ကွန်တိန်နာပေါ်သို့ ထည့်သွင်းနေမှုတို့ကို ကြည့်ရှု စစ်ဆေးသည်။

ထို့ပြင် မင်္ဂလာဒုံစက်မှုဇုန်ရှိ Fu Xing Brothers Co., Ltd. ၏ ရော်ဘာသိုလှောင်ရုံသို့ သွားရောက်၍ သိုလှောင်ရုံအတွင်းထားရှိသည့် ရော်ဘာများအရည်အသွေး ထိန်းသိမ်းမှု၊ စနစ်တကျ စီမံခန့်ခွဲထားရှိမှု၊ သိုလှောင်ရုံတွင် တပ်ဆင်အသုံးပြုလျက်ရှိသည့် နှစ်မဂ္ဂါဝပ် Solar Power စနစ်ဖြင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုနှင့် ရော်ဘာများ ပြည်ပသို့တင်ပို့မည့်အစီအစဉ် ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)