အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်မှသည် ပြည်တွင်းငြိမ်းချမ်းရေးခရီးဆီသို့ . . . - Myanmar National Post

Myanmar National Post

News Agency

Breaking

အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်မှသည် ပြည်တွင်းငြိမ်းချမ်းရေးခရီးဆီသို့ . . .


မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးချိန်မှစတင်၍ သက်တမ်းရှည်ကြာသော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို ရင်ဆိုင်နေရပြီး နိုင်ငံရေးစနစ်ကူးပြောင်းမှုတိုင်းတွင် တိုင်းပြည်တည်ဆောက်ရေးနှင့် နိုင်ငံတော်အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့သည် အဓိကစိန်ခေါ်မှုများဖြစ်ခဲ့ပါသည်။

ဒီမိုကရေစီအကူးအပြောင်းကာလ အစိုးရသစ်များ၏ သက်တမ်းဦးတွင် ချမှတ်လေ့ရှိသော “ရက် ၁၀၀ စီမံချက်”သည် အစိုးရ သို့မဟုတ် အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းခွင်များတွင် ဤကာလသည် ဦးတည်ချက်၊ မျှော်မှန်းချက်နှင့် လုပ်ငန်းစွမ်းဆောင်ရည်အစပျိုးမှုတို့ကို ပြသနိုင်ရန်အတွက် အလွန်အရေးပါသည်ဟု သတ်မှတ်ကြပါသည်။

ရက်ပေါင်း ၁၀၀ ကာလအတွင်း နိုင်ငံ့ခေါင်းဆောင်သစ်များအနေဖြင့် ယုံကြည်မှုတည်ဆောက်ခြင်း၊ စီမံခန့်ခွဲမှုစွမ်းရည်ကို ပြသခြင်းနှင့် ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဉ်များအတွက် အခြေခံအုတ်မြစ်ချခြင်းတို့ဆိုင်ရာ မဟာဗျူဟာမြောက်လုပ်ငန်းစဉ်များကို လုပ်ဆောင်လေ့ရှိပါသည်။ ထို့ပြင် ဤကာလသည် လက်ရှိအခြေအနေများကို ဆန်းစစ်ခြင်း၊ အဓိကဦးစားပေးကိစ္စရပ်များကို ဖော်ထုတ်ခြင်းနှင့် အရေးတကြီးကိစ္စရပ်များအပေါ် လျင်မြန်စွာ ဆုံးဖြတ်ချက်ချခြင်းတို့ ပြုလုပ်ရမည့်အချိန်လည်းဖြစ်ပါသည်။

နိုင်ငံရေးနယ်ပယ်တွင်မူ ဤသဘောတရားကို ရွေးကောက်ပွဲကတိကဝတ်များအပေါ် လက်တွေ့လုပ်ဆောင်ချက်များအဖြစ် မည်မျှထိရောက်စွာ ပြောင်းလဲအကောင်အထည်ဖော်နိုင်သည်ကို အကဲဖြတ်ရန်အတွက် မကြာခဏအသုံးပြုလေ့ရှိပြီး တစ်ချိန်တည်းမှာပင် ယင်းလုပ်ဆောင်ချက်များမှတစ်ဆင့် ရရှိလာသော အရှိန်အဟုန်ကို အသုံးချကာ တရားဝင်မှုနှင့် ပြည်သူ့ထောက်ခံမှုကို တည်ဆောက်လေ့ရှိကြပါသည်။


ငြိမ်းချမ်းရေးဆိုင်ရာ ကြေညာချက်နှင့် မူဝါဒလမ်းစဉ်

နိုင်ငံတော်အစိုးရက ရက် ၁၀၀ စီမံချက်အား ၂၀၂၆ ခုနှစ် ဧပြီလ ၂၀ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ သတ်မှတ်ကြေညာခဲ့ပါသည်။ အဆိုပါစီမံချက်တွင် အပိုင်းနှစ်ပိုင်းပါဝင်၍ ဝန်ကြီးဌာနများမှ စီမံချက်ဖြင့် ဆောင်ရွက်ရမည့်အပိုင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် သက်ဆိုင်သည့်အပိုင်းတို့ ဖြစ်ပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ NCA လက်မှတ်ရေးထိုးထားသော EAOs များအနက် လွန်ခဲ့သောငါးနှစ်အတွင်း မတွေ့ဆုံဖြစ်ခဲ့သော အဖွဲ့များ (ဥပမာ- KNU၊ CNF၊ ABSDF) အား ပြန်လည်တွေ့ဆုံရန် ဖိတ်ခေါ်ခဲ့ရုံသာမက NCA လက်မှတ်မရေးထိုးရသေးသော EAOs များအားလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများတက်ရောက်ရန် တရားဝင်ကမ်းလှမ်းဖိတ်ခေါ်ခဲ့ပြီး PDF အဖွဲ့များသို့လည်း ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ပါသည်။

နိုင်ငံတော်သမ္မတကြီးက ၂၀၂၆ ခုနှစ် ဧပြီလ ၂၀ ရက် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ မြွက်ကြားခဲ့ရာတွင် “ကျွန်တော်တို့လည်း ငြိမ်းချမ်းရေးလိုချင်ပါတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိရင် ဖွံ့ဖြိုးရေးကိစ္စဆိုတာ ဘာမှလုပ်လို့မရဘူး။ ငြိမ်းချမ်းရေးလုပ်မှသာ၊ တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းက လုပ်လို့ရတယ်။ ရှေ့က တည်ဆောက်ရေးလုပ်ငန်းလုပ်သွား၊ နောက်က အဖျက်လုပ်ငန်းတွေပါလာလို့ရှိရင် သမင်မွေးရင်း၊ ကျားစားရင်းဆိုသလို ဖြစ်နေမှာပေါ့။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးမှာလည်း မဖြစ်နိုင်တာတွေ လျှောက်တောင်းဆိုပြီးတော့မှ ကိုယ့်အဖွဲ့အစည်း တည်တံ့ခိုင်မြဲရေးအတွက် လုပ်နေတယ်ဆိုလို့ရှိရင်တော့ မှားသွားပါမယ်။ ကျွန်တော်တို့အနေနဲ့လည်း လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ နိုင်ငံတော်အနေနဲ့လည်း လုပ်ရမှာတွေ ရှိလာပါလိမ့်မယ်။ ဒါကြောင့် EAOs တွေမှာလည်း NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရော၊ NCA လက်မှတ်ရေးထိုးထားခြင်းမပြုတဲ့ အဖွဲ့တွေရော ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ ဖိတ်ခေါ်ပါတယ်။

နောက်လက်မှတ်ရေးထိုးထားပြီးတော့မှ သဘောတူညီချက်ယူထားတာတွေရှိတယ်။ ဥပမာအားဖြင့် ၄၃ ချက် သဘောတူညီထားတာရှိတယ်။ NCA လက်မှတ်ရေးထိုးပြီးတော့မှ ဆွေးနွေးခဲ့တဲ့အထဲမှာ Union Accord ရထားတဲ့ သဘောတူညီချက်တွေရှိတယ်။ အဲဒါကိုလည်း လာမယ့်ပြည်ထောင်စုလွှတ်တော်တွေမှာ တင်ပြပြီးတော့ အပိုင်းလိုက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ခုနက ပြောတဲ့တွေ့ဆုံဆွေးနွေးခြင်းမပြုရသေးတဲ့ အဖွဲ့တွေလည်း တွေ့ဆုံဆွေးနွေးဖို့အတွက် ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီးတော့ ဆွေးနွေးဖို့အတွက် ကျွန်တော်တို့ဖိတ်ခေါ်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့မတိုင်မီမှာ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ပါမယ်။ ဒီလိုပဲ PDF နဲ့ ပတ်သက်လို့ရှိရင်လည်း ဒီကာလအတွင်းမှာ ဥပဒေဘောင်အတွင်း ဝင်လာကြဖို့ ဖိတ်ခေါ်ပါတယ်။ နိုင်ငံရေးအရလည်း ဘာမှခိုင်လုံတဲ့ အကြောင်းပြချက်မဟုတ်ပါဘူး။ အဖွင့်မှာပြောခဲ့သလိုပဲ အသုံးချခံနေရလို့သာ ဖြစ်နေကြတာပဲဖြစ်ပါတယ်။ ဒါကြောင့် အသုံးချမခံရအောင် နေကြဖို့ပြောလိုပါတယ်”ဟူ၍ PDF အဖွဲ့များအပါအဝင် အဖွဲ့အစည်းအသီးသီးကို ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာရန်နှင့် မိမိတို့၏သဘောထားများကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးကြရန် အလေးအနက်ဖိတ်ခေါ်ခဲ့ပါသည်။

နိုင်ငံတော်အစိုးရ၏လမ်းစဉ်မှာ တည်ငြိမ်အေးချမ်းရေးနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့များသာမက လက်မှတ်မထိုးရသေးသည့် အဖွဲ့များကိုပါ တွေ့ဆုံဆွေးနွေးရန် တံခါးအမြဲဖွင့်လှစ်ထားရှိပါသည်။

PDF အဖွဲ့ဝင်များအနေဖြင့် အသုံးချခံဘဝမှ ရုန်းထွက်ကာ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်၍ နိုင်ငံတော်တည်ဆောက်ရေးတွင် ပူးပေါင်းပါဝင်ရန် တိုက်တွန်းထားပါသည်။ တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင် ပြည်သူများအနေဖြင့် မိမိတို့၏လူမှုစီးပွားဘဝများကို အေးချမ်းစွာ လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် ပြည်သူနှင့်အစိုးရအကြား ယုံကြည်မှုတည်ဆောက်ခြင်းဖြင့် ငြိမ်းချမ်းသော လူ့အသိုက်အဝန်းတစ်ခုကို တာဝန်ရှိသူအားလုံးက နိုင်ငံ့အကျိုးရည်မျှော်ပြီး ဖော်ဆောင်သွားရမည်ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရက ၂၀၂၆ ခုနှစ် ဧပြီလ ၁၁ ရက်တွင် အမိန့်အမှတ် ၃၆ / ၂၀၂၆ အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်စေရေးအတွက် လိုအပ်သောမူဝါဒများ ချမှတ်ပေးခြင်းနှင့် ဦးဆောင်လမ်းညွှန်မှုပေးခြင်းတို့ ဆောင်ရွက်နိုင်ရန်အတွက် “အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ (National Solidarity and Peace - making Central Committee)” ကိုလည်းကောင်း၊ အမိန့်အမှတ် ၃၇ / ၂၀၂၆ အရ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် “အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ (National Solidarity and Peace – making Working Committee )” နှင့် အမိန့်အမှတ် ၃၈ / ၂၀၂၆ အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နိုင်ရန်နှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီက ချမှတ်ပေးသော လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် “အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (National Solidarity and Peace-making Negotiation Committee)”ဟူသည့် ကော်မတီသုံးရပ်တို့ကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီ (NSPC) သည် ၂၀၂၆ ခုနှစ် ဧပြီလ ၂၂ ရက်တွင် ကြေညာချက်အမှတ် ၁/ ၂၀၂၆ ကို ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းကြေညာချက်တွင် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အထူးလိုအပ်သည်ဟု ယုံကြည်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ရန် လေးနက်စွာ ဖိတ်ခေါ်အပ်ပါကြောင်း၊ လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် အဓိကအချက်လေးချက်အနေဖြင့် “NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုတို့ကို အခြေခံ၍ NCA ပါ သဘောတူညီချက်များကို ပြီးစီးအောင်မြင်သည်အထိ အတူတကွ ပူးတွဲအကောင်အထည်ဖော်နိုင်ရေး တွေ့ဆုံဆွေးနွေးရေး”၊ “NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် မိမိတို့ဒေသနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နှစ်ဖက်သဘောတူညီထားသည့် သဘောတူညီချက်များအတိုင်း နိုင်ငံတော်အစိုးရနှင့် လက်တွဲပူးပေါင်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေး တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ကြနိုင်ရေး”၊ “NCA လက်မှတ်ရေးထိုးထားပြီး အကြောင်းအမျိုးမျိုးကြောင့် NCA လမ်းကြောင်းမှ သွေဖည်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြင့် ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းအဖြေရှာနိုင်ရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု (Political Dialogue) များ ပြန်လည်လုပ်ဆောင်နိုင်ရေး”နှင့် “ယနေ့မှစ၍ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်အတွင်း ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို အသိအမှတ်ပြုလျက် ဆွေးနွေးပွဲများ ဆောင်ရွက်သွားနိုင်ရေးဟူ၍” ဖော်ပြပါရှိပါသည်။


ငြိမ်းချမ်းရေး ရက် ၁၀၀

နိုင်ငံတော်အစိုးရက ရက် ၁၀၀ စီမံချက်နှင့်ပတ်သက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စရပ်များအား အဆင့်လိုက်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လ ၃၁ ရက်မတိုင်မီအချိန်မှစ၍ NCA စာချုပ်တွင် လက်မှတ်ထိုးထားသည့် အဖွဲ့အစည်းများ၊ လက်မှတ်ရေးထိုး၍ တွေ့ဆုံဆွေးနွေးမှုမလာရောက်သေးသည့်အဖွဲ့များ၊ NCA လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များအား တွေ့ဆုံဆွေးနွေးမှုများ ဖိတ်ခေါ်၍ လုပ်ငန်းစဉ်များချမှတ်ထားရှိခဲ့ရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး ငြိမ်းချမ်းရေးကိုရှေးရှုသည့် လုပ်ငန်းစဉ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား စနစ်တကျဆွေးနွေးညှိနှိုင်းကာ ပကတိမြေပြင်အခြေအနေ လိုအပ်ချက်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီးကို တည်ဆောက်ရန်အတွက် “ငြိမ်းချမ်းရေးသည်သာ ပထမ”၊ “ငြိမ်းချမ်းရေးသည်သာ ဒုတိယ”၊ “ငြိမ်းချမ်းရေးသည်သာ တတိယ” ဟူသော သန္နိဋ္ဌာန်ချမှတ်၍ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိသည်မှာ အစိုးရသစ်၏ ရက် ၁၀၀ အတွင်း ဆောင်ရွက်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့မှုများက သက်သေအခိုင်အမာပင်ဖြစ်ပေသည်။

အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်သည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များအကြား တိုက်ရိုက်ထိတွေ့ဆက်ဆံမှုများကြောင့် ယုံကြည်မှုကွာဟချက်ကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ခဲ့ပါသည်။ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးဆီသို့ လျှောက်လှမ်းရာတွင် ဖက်ဒရယ်စနစ်၊ နယ်မြေစိုးမိုးမှု၊ သဘာဝသယံဇာတခွဲဝေမှုနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း စသည့်အကြောင်းအရာများသည် နက်ရှိုင်းသောအခြေခံအကြောင်း ရင်းများပေါ်တွင် မူတည်နေသဖြင့် ရက်ပေါင်း ၁၀၀ ဟူသော အချိန်ကာလအတွင်း သဘောတူညီချက်ရရှိရန်မှာ အကန့်အသတ်များရှိနေနိုင်ပါသည်။

ရက် ၁၀၀ စီမံချက်က ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှိန်အဟုန်မပျက် ဆက်လက်ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံရေးဆိုင်ရာ ခိုင်မာပြတ်သားသည့် သဘောထားဆန္ဒနှင့် တာဝန်ယူဆောင်ရွက်လိုမှုကို ထင်ဟပ်ပြသနိုင်ခဲ့ပါသည်။ သို့ရာတွင် ငြိမ်းချမ်းရေးသည် ရက် ၁၀၀ အတွင်း အပြီးသတ်နိုင်သည့် လုပ်ငန်းစဉ်တစ်ရပ်မဟုတ်ဘဲ ရေရှည်တည်တံ့ခိုင်မြဲစေရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်မှုများနှင့် ရေရှည်လုပ်ငန်းစဉ်များ လိုအပ်မည်ဖြစ်ပါသည်။ ရက် ၁၀၀ အတွင်း ရရှိခဲ့သည့် နိုင်ငံရေးသဘောတူညီချက်များနှင့် အတွေ့အကြုံများ၊ အပြုသဘောဆောင်သော ဆွေးနွေးချက်များနှင့် ရလဒ်များမှတစ်ဆင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုကြီး တည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးမှုများကို ဆက်လက်ဖော်ဆောင်ရန်လိုအပ်ပါသည်။

ထို့ပြင် ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့်အတူ ပဋိပက္ခရှောင်ပြည်သူများအတွက် ပြန်လည်နေရာချထားရေး၊ လူမှုစီးပွားဘဝ ပြန်လည်တည်ဆောက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း တစ်ပြိုင်နက်တည်း အလေးထားဆောင်ရွက်ရန်လိုအပ်ပြီး ယင်းလုပ်ငန်းစဉ်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်မှာလည်း အစိုးရတစ်ရပ်တည်း၏ ကြိုးပမ်းမှုဖြင့်မရနိုင်သည့်အတွက် သက်ဆိုင်သူအားလုံးနှင့် လူမှုအသိုင်းအဝိုင်းအသီးသီး၏ စဉ်ဆက်မပြတ် အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံသားအားလုံးပါဝင်သော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။


အောင်ကျော်မိုး (ငြိမ်းချမ်းရေး)

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)