ပြည်သူပိုမိုယုံကြည်အားကိုးသော လွှတ်တော်တစ်ရပ်ဖြစ်လာအောင် ကြိုးစားဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်သူပိုမိုယုံကြည်အားကိုးသော လွှတ်တော်တစ်ရပ်ဖြစ်လာအောင် ကြိုးစားဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား







ပုသိမ်၊ ဩဂုတ် ၁၉

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များအား ယမန်နေ့က ပုသိမ်မြို့ ဧရာဝတီတိုင်း ဒေသကြီးလွှတ်တော်ရှိ Banquet Hall ၌ တွေ့ဆုံစဉ် ပြည်သူပိုမိုယုံကြည်အားကိုးသော လွှတ်တော်တစ်ရပ်ဖြစ်လာအောင် ကြိုးစားဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအား ပြည်သူ့လွှတ်တော်၏ လုပ်ငန်းတာဝန်များအပေါ်မူတည်၍ ရှင်းလင်းပြောကြားရာတွင် လွှတ်တော်သည် မဏ္ဍိုင်အသီးသီးတွင် ဦးစီး၊ ဦးဆောင်ပြုမည့်သူများအား ရွေးချယ်ပေးခြင်း၊ ဥပဒေပြုခြင်း၊ အစိုးရအား ထိန်းညှိဆောင်ရွက်ခြင်းနှင့် ပြည်သူကိုကိုယ်စားပြုခြင်းများ ဆောင်ရွက်ရပါကြောင်း၊ လွှတ်တော်သည် ပြည်သူနှင့်အစိုးရအကြား ပြည်သူ့ဆန္ဒများကိုဖော်ဆောင်ပေးရသည့် ကြားခံမဏ္ဍိုင်တစ်ရပ်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူကိုကိုယ်စားပြုပြီး ပြည်သူ့အကျိုးကို ရှေးရှုဆောင်ရွက်ရသည့်သူများဖြစ်သည့်အတွက် မြင့်မြတ်သည့်တာဝန်ကို ထမ်းဆောင်နေသည့် ပုဂ္ဂိုလ်များပင်ဖြစ်ပါကြောင်း၊ လွှတ်တော်၏လုပ်ငန်းတာဝန်များကို အောင်မြင်စေရန်မှာ လွှတ်တော်တွင်ဖွဲ့စည်းထားသော ကော်မတီများ၏စွမ်းဆောင်ချက် များအပေါ်မူတည်ပါကြောင်း၊ ထို့ကြောင့် ကော်မတီများသည် လွှတ်တော်ငယ်များဖြစ်ပြီး လွှတ်တော်အတွက် အဓိကကျသည့်မဏ္ဍိုင်များပင်ဖြစ်ပါကြောင်း။

လွှတ်တော်၏အခန်းကဏ္ဍ မြင့်မားတိုးတက်စေရေးအတွက် မဟာဗျူဟာစီမံချက်များချမှတ်၍ ပီပီပြင်ပြင် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ကဏ္ဍအလိုက်သီးခြားသတ်မှတ်၍ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လူထုလူတန်းစားအသီးသီးက လွှတ်တော်ကိုပိုမိုသိရှိစေရေးနှင့် လွှတ်တော်၏ဆောင်ရွက်ချက်များကို မျက်မြင်ကိုယ်တွေ့ ထိတွေ့နိုင်ရေးအတွက် လွှတ်တော်သို့လာရောက်လေ့လာနိုင်ရန် ဖိတ်ကြားဆောင်ရွက်ခြင်း နည်းလမ်းများ၊ အွန်လိုင်းမီဒီယာ၊ printed media နည်းလမ်းများကိုအသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

လွှတ်တော်၏ တံခါးဖွင့်ဆောင်ရွက်သည့် အစီအစဉ်တစ်ရပ်အနေဖြင့် open parliament day သတ်မှတ်ပြီး ကျောင်းသားလူငယ်များ၊ အဖွဲ့အစည်းအသီးသီးမှပြည်သူများ လွတ်လပ်စွာ လာရောက်လေ့လာနိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ဘာသာရပ်ဆိုင်ရာအဖွဲ့အစည်းများ၊ ပညာရှင်များ၊ လူငယ်အဖွဲ့အစည်းများ၊ အမျိုးသမီးရေးရာ အဖွဲ့အစည်းများအနေဖြင့် လွှတ်တော်သို့ လာရောက်ချိတ်ဆက်ဆောင်ရွက်နိုင်မည့် Join Parliament အစီအစဉ်များ ဆောင်ရွက်ပေးခြင်းဖြင့် လွှတ်တော်ကို ပြည်သူများသိရှိလာပြီး ပြည်သူပိုမိုယုံကြည်အားကိုးသော လွှတ်တော်တစ်ရပ်ဖြစ်လာအောင် ကြိုးစားဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်သည့်ကာလတွင် လွှတ်တော်ကဏ္ဍမြင့်မားတိုးတက်ပြီး အရွေ့တစ်ခုသို့ရောက်ရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ကုန်‌ဈေးနှုန်းကျဆင်းရေးဆိုင်ရာများနှင့်ပတ်သက်၍ ကျယ်ပြန့်စွာစဉ်းစားပြီး လွှတ်တော်အတွင်းမှ ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ကြစေလိုပါကြောင်း၊ ကော်မတီအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် စဉ်ဆက်မပြတ်တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခြင်းဖြင့် ဥပဒေပြုရေးအတွက် လိုအပ်သောအချက်အလက် အထောက်အထားများနှင့် ကောင်းမွန်သောအကြံပြုချက်များရရှိလာမည်ဖြစ်ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍပေါင်းစုံ၏ လိုအပ်ချက်များအား လွှတ်တော်အနေဖြင့် ထဲထဲဝင်ဝင် လေ့လာသုံးသပ်ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြင့် ပြီးပြည့်စုံသော လွှတ်တော်ဖြစ်ပေါ်လာစေရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းက ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်၏ တတိယအကြိမ် ပုံမှန်အစည်းအဝေးကျင်းပနေမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များက လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိဖြစ်ပေါ်နေသည့် ရေကြီးနစ်မြုပ်နေသည့် ကိစ္စရပ်များအား တင်ပြကြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်တွင် ဖွဲ့စည်းထားသည့်ရေးရာများ၊ ကော်မတီများ၏ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွေ့ဆုံရာ ကော်မတီဥက္ကဋ္ဌများက ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)