‎(၆၅ )နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ ကျင်းပရေးကော်မတီ (နေပြည်တော်) ၏ ထုတ်ပြန်ကြေညာချက် - Myanmar National Post

Myanmar National Post

News Agency

Breaking

‎(၆၅ )နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ ကျင်းပရေးကော်မတီ (နေပြည်တော်) ၏ ထုတ်ပြန်ကြေညာချက်



(၆၅ )နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ ကျင်းပရေးကော်မတီ (နေပြည်တော်) ၏

ထုတ်ပြန်ကြေညာချက်

ရက်စွဲ။    ။ ၁၃၈၈ ခုနှစ် ဝါခေါင်လဆန်း(၁၅)ရက်

၂၀၂၆ ခုနှစ် သြဂုတ်လ ၂၈ ရက် (သောကြာနေ့)

၁။ ထေရဝါဒ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အသိအမှတ်ပြု ပြဋ္ဌာန်းပေးခဲ့သည်မှာ (၆၅)နှစ် ရှိပြီဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) ပုဒ်မ ၃၆၁ တွင် "နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ် ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ် ပြုသည်။" ဟု ပြဋ္ဌာန်းထားပါသည်။ အမှန်တွင် ဂေါတမမြတ်စွာဘုရားရှင်တော် ပွင့်ထွန်းတော်မူစဉ်က တပုဿနှင့် ဘလ္လိက ကုန်သည်ညီနောင်မှ မြတ်စွာဘုရားရှင်၏ ဆံတော် (၈)ဆူကို မြန်မာနိုင်ငံသို့ ပင့် ဆောင်လာပြီး ဥက္ကလာပမင်းကြီး ဦးဆောင်၍ လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးအား တည် ထားကိုးကွယ်ခဲ့ကြသည့်အချိန်မှစ၍ သာသနာနာမ ရာဇပဓာန ဟူသည်နှင့်အညီ တကောင်း၊ ပျူ၊ သရေ ခေတ္တရာ၊ ပုဂံ၊ အင်းဝ၊ ကုန်းဘောင် စသောခေတ်အဆက်ဆက် မင်းနှင့်ပြည်သူ ကြည်ဖြူစွာလက်တွဲ၍ စေတီ၊ ပုထိုး၊ ကျောင်းကန်စသည်တို့ကို တည်ထားကိုးကွယ်လာခဲ့ကြသည်မှာ နှစ်ပေါင်း(၂၆၀၀)ကျော် ခဲ့ပြီ ဖြစ်သည်။

‎၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် (၁၈၈၆)ခုနှစ်တွင် သူကျွန်ဘဝရောက်ရှိခဲ့ပြီး နှစ်ပေါင်း (၁၀၀) ကျော် နယ်ချဲ့အင်္ဂလိပ်ယုတ်မာသူများက အနောက်တိုင်း ယဉ်ကျေးမှုများနှင့် ကိုးကွယ်ရာဘာသာ ကို နယ်စပ်နှင့် တောင်တန်းများရှိ တိုင်းရင်းသားများအား စည်းရုံးသိမ်းသွင်းကာ ကိုးကွယ်စေခဲ့ပြီး ကျွန်ကုလားများကိုလည်း မြန်မာနိုင်ငံသို့ ခေါ်သွင်းလာခဲ့ကြသည်။ (၁၉၄၈)ခုနှစ် လွတ်လပ်ရေးရရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံဖြစ်သည့်အချိန်မှစ၍ ထေရဝါဒဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ပြဋ္ဌာန်းအတည်ပြုပေးရန် ဒီးဒုတ်ဦးဘချို၊ ဒေါ်ခင်လှ(စမ်းချောင်း)၊ သခင်သောင်း၊ ဗိုလ်ခင် မောင်၊ တော်ဘုရားလေး၊ ဦးဝင်းမောင်(မန်းဝင်းမောင်)၊ ဦးနုစသော မျိုးချစ်ခေါင်းဆောင်ကြီးများက အစဉ်တစိုက် ကြိုးပမ်းအားထုတ်ခဲ့ကြရာ (၁၉၆၁)ခု ဩဂုတ်လ (၂၆)ရက်နေ့၌ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုတင်သွင်းသော အက်ဥပဒေကို ထောက်ခံမဲ (၃၂၄)မဲ၊ ကန့်ကွက်မဲ (၂၈)မဲဖြင့် အတည်ပြုခဲ့ပြီး နိုင်ငံ တော်သမ္မတကြီး မန်းဝင်းမောင်က သမ္မတအိမ်တော်တွင် အခမ်းအနားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် လက်မှတ်ရေးထိုး ပြဋ္ဌာန်းပေးခဲ့သည်။

၃။ တိုင်းပြည်လွတ်လပ်ရေးတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည့် မျိုးချစ်ခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှုကို ဂုဏ်ပြုသောအားဖြင့် ယနေ့အချိန်အထိ ရဟန်းရှင်လူ ပြည်သူများက နိုင်ငံတော်ဘာသာ နေ့ ဂုဏ်ပြုပွဲများကို မျိုးချစ်စိတ်အရင်းခံဖြင့် ကျင်းပဆောင်ရွက်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၆၅)နှစ် မြောက် နိုင်ငံတော်ဘာသာနေ့သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။

၄။ ထိုသို့ ကျင်းပဆောင်ရွက်လျက်ရှိသော်လည်း မျိုးချစ်ခေါင်းဆောင်ကြီးများ အတည်ပြုပြဋ္ဌာန်းချက် များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)တွင် တိကျသည့် ပြဋ္ဌာန်းချက်မျိုး မရှိတော့ဘဲ ဂုဏ်ထူး ဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာဖြစ်သည်ဟု ပြဋ္ဌာန်းထားရှိပါသည်။

‎၅။ လက်ရှိအချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ကို ပြင်ဆင်ရန် နိုင်ငံတော်သမ္မတကြီးက ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့ထားပြီး ဖြစ်ပါသည်။ ထိုသို့ ဖွဲ့စည်းပုံ ပြင်ဆင်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၁ တွင် "ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသား အများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် နိုင်ငံတော်ဘာသာ သာသနာ ဖြစ်သည်။" ဟုလည်းကောင်း၊ "နှစ်စဉ် ဝါခေါင်လပြည့်နေ့ကို နိုင်ငံတော်ဘာသာနေ့အဖြစ် သတ်မှတ် သည်" ဟုလည်းကောင်း ဖြည့်စွက်ပြဋ္ဌာန်းပေးမည် ဆိုပါက ပြည်သူအများစုကို အလေးထားရာရောက် သကဲ့သို့ မျိုးချစ်ခေါင်းဆောင်ကြီးများ၏ ဆောင်ရွက်ချက်ကို အလေးအမြတ်ပြုရာ ရောက်ပါသည်။

၆။ သို့ပါ၍ ယနေ့ တိုင်းပြည်ကို ဦးဆောင်လျက်ရှိသော နိုင်ငံတော်သမ္မတကြီး၊ ဒုတိယသမ္မတများ၊ နိုင်ငံ တော်အကြံပေးပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အသီးသီးတို့၏ လွှတ်တော်နာယကကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌကြီး များနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ညီညီညွတ်ညွတ်ဖြင့် ကြိုးပမ်းဆောင်ရွက် ပေးနိုင် ပါရန် တိုက်တွန်းသည်။ ထို့ကြောင့် ဝါခေါင်လပြည့် နိုင်ငံတော်ဘာသာနေ့ အထိမ်းအမှတ်အခမ်း အနားများကို နိုင်ငံတော်အခမ်းအနားများအနေဖြင့် ကျင်းပရန် အထူးလိုအပ်ကြောင်း (၆၅)နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ ကျင်းပရေးကော်မတီ (နေပြည်တော်) မှ တိုက်တွန်းတောင်းဆိုလိုက်သည်။

‎(၆၅ )နှစ်မြောက် နိုင်ငံတော်ဘာသာနေ့ ကျင်းပရေးကော်မတီ (နေပြည်တော်)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)