ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကျင်းပ











ပဲခူး၊ ဩဂုတ် ၂၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဩဂုတ်လ(၂၈)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ ၌ ကရင်ရိုးရာ ဝါခေါင်လ ချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူတို့က ကရင် ဖားစည်အား (၉)ချက်တီး၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလင်းအောင်က ကရင်ရိုးရာချည်ဖြူဖွဲ့ခြင်း ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းဖတ်ကြားသည်။

ယင်းနောက် လက်ပံတန်းမြို့နယ် ကရင်တိုင်းရင်းသား/သူများနှင့် ဘုရားသုံးဆူ ကရင်တိုင်းသား/ သူများက ကရင်ရိုးရာအကဖြင့်လည်းကောင်း၊ ပျဉ်းမငူကရင်တိုင်းရင်းသား/သူများက ကရင်ရိုးရာဝါးညှပ် အကဖြင့်လည်းကောင်း၊ သရက်ကုန်းကရင်တိုင်းရင်းသား/သူများက ကရင်တိုင်းရင်းသားရိုးရာကြိုးကျစ် အကဖြင့်လည်းကောင်း  အသီးသီး ဧည့်ခံဖျော်ဖြေတင်ဆက်ကပြကြသည်။ ၎င်းနောက် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌမှ ဦးဆောင်၍ ကရင်လူငယ်/မောင်မယ်များက ကရင်အမျိုးသားအလံနှင့် လက်ချည်ဖွဲ့မည့် ပစ္စည်းများကို သတ်မှတ်နေရာများသို့ သယ်ဆောင်ကြပြီး ကရင်တိုင်းရင်းသား ဘိုးဘွား များက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများအား ချည်ဖြူဖွဲ့ပေးကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး တာဝန်ရှိသူတို့က ချည်ဖြူဖွဲ့ပေးခဲ့ သည့် ကရင်ဘိုးဘွား(၂၂)ဦးနှင့်  တိုင်းရင်းသားရိုးရာအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ မင်းလှမြို့နယ် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ဦးစောရွှေသိန်းက ကျေးဇူးတင် စကားပြန်လည်ပြော ကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က တက်ရောက်လာသည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ ကိုယ်စားလှယ်အဖွဲ့များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး ချစ်ကြည်ရင်းနှီး စွာဖြင့် နေ့လည်စာ အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)