မုံရွာ၊ ဩဂုတ် ၂၈
တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့လွှတ်တော် အဆောက်အအုံရှိ လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၈၄ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၇၇ ဦး တက်ရောက်သဖြင့် သုံးပုံတစ်ပုံကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ဆက်လက်ပြီး ကြယ်ပွင့်ပြထားသည့် မေးခွန်း(၅)ခုကို လွှတ်တော်ကိုယ်စားလှယ်(၅) ဦးကမေးမြန်းကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင် ဝန်ကြီးများက ဖြေကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ဥပဒေပြုရေးဆိုင်ရာကော်မတီမှ ဥပဒေပြင်ဆင်ရန် တင်သွင်းထားသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဇာတ်ရုံ၊ ရုပ်ရှင်ရုံနှင့် ဗွီဒီယိုရုံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားအဆုံးအဖြတ်ရယူရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ပြင်ဆင်သည့် ဥပဒေကို ကန့်ကွက်ရန်မရှိ သဘောတူပါကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်များကလည်း သဘောတူသည့်အတွက် လွှတ်တော်ဥက္ကဋ္ဌက ပြင်ဆင်သည့် ဥပဒေကို အတည်ပြုကြောင်း ကြေညာခဲ့သည်။
ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌမှ စစ်ကိုင်းတိုင်းဒေကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး
(၁၃)ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် အစည်းအဝေး(၁၄)ရက်မြောက်နေ့ကို ဩဂုတ်လ (၂၈)ရက်နေ့ နံနက် (၁၀)နာရီတွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
#News #Myanmar

No comments:
Post a Comment