မြိတ်၊ ဩဂုတ် ၃၀
ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားသည် ကရင်တိုင်းရင်းသားဘိုးဘွားများ၏ အစဉ်အလာမပျက် လက်ဆင့်ကမ်းကျင်းပခဲ့ကြသည့် ရိုးရာအမွေ အနှစ်တစ်ခုဖြစ်ပြီး ချည်ဖြူဖွဲ့ မင်္ဂလာကျင်းပခြင်းဖြင့် မကောင်းသည့်အရာများ ပျောက်ပျက်ကာ ကောင်းမွန်သည့် မင်္ဂလာတရားများ သက်ဝင်ရောက်ရှိစေရန်ရည်ရွယ်ပြီး ဝါခေါင်လဆန်း ၁ ရက်မှစတင်၍ ဝါခေါင်လပြည့်နေ့အထိ နှစ်စဉ်ကျင်းပလေ့ရှိသည်။
ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ကြီးကြပ်မှုဖြင့် တိုင်းဒေသကြီးအဆင့် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး ပုလဲဧကရီခန်းမ၌ ကျင်းပရာ ထားဝယ်မြို့ ချမ်းသာကြီးကျောင်းတိုက် ဆရာတော်၊ မြလင်းအေးဘေးမဲ့တောရ ဆရာတော်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦးတို့က ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားမုခ်ဦးကို ဖွင့်လှစ်ပေးသည်။
အခမ်းအနားကို ကရင်အမျိုးသား သီချင်းဖြင့်ဂုဏ်ပြု၍ ဖားစည်တီးကာ ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးက ချည်ဖြူဖွဲ့မင်္ဂလာ ကျင်းပရခြင်း၏ အဓိကရည်ရွယ်ချက်သည် မိသားစုများအားလုံး စည်းစည်းလုံးလုံးဖြင့် ပြန်လည်တွေ့ဆုံပြီး လက်ရည်တစ်ပြင်တည်းဖြစ်ခြင်း၊ ချစ်ကြည်ရင်းနှီး စည်းလုံးမှုတိုးပွားစေခြင်းနှင့် ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာများ ထိန်းသိမ်းခြင်းတို့ကို ထုတ်ဖော်ဆောင်ရွက်ကြသည့် ထူးမြတ်သော မင်္ဂလာအခမ်းအနားဖြစ်ကြောင်း၊ ယခုကဲ့သို့ အခမ်းအနားကို ကရင်ဘိုးဘွားများက လူငယ်မောင်မယ်များသို့ လက်ဆင့်ကမ်း ထိန်းသိမ်း စောင့်ရှောက်ပြီး အစဉ်အလာနှင့်အညီ စဉ်ဆက်မပြတ်ဆောင်ရွက် သွားစေလိုကြောင်း ပြောကြားသည်။
ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကျင်းပသည့် သမိုင်းကြောင်းကို ကရင်တိုင်းရင်းသူတစ်ဦးက ရှင်းလင်းတင်ပြ၍ ကရင်ရိုးရာ ဒုံးအက၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ပြီး တနင်္သာရီတိုင်းဒေသကြီး ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူက ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ကရင်ဘိုးဘွားများက ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် တက်ရောက်လာသူများအား ချည်ဖြူဖွဲ့ပေးကြသည်။
မွန်းလွဲပိုင်းတွင် ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည့် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနား အထိမ်းအမှတ် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ကြည့်ရှုအားပေးပြီး ပြိုင်ပွဲ ယှဉ်ပြိုင်ထိုးသတ်ကြသည့် အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
#News #Myanmar

No comments:
Post a Comment