ရန်ကုန်၊ ဩဂုတ် ၃၀
ပုဂံဒေသ မြင်းကပါရွာမှထွက်ရှိသည့် ယွန်းထည်ပစ္စည်းအမျိုးပေါင်း ၃၀ ကျော်နှင့် မန္တလေးနှင့် ပဲခူးမြို့မှ ထွက်ရှိသည့် သစ်သားပစ္စည်း ၅၀ ကျော်အပြင် ပုဂံဒေသထွက် သဲပန်းချီ၊ ယွန်းပန်းချီနှင့် မန္တလေးဒေသထွက် ကျောက်စီပန်းချီနှင့် ရွှေခြည်ငွေခြည်ထိုး ပန်းချီကားများ စသည်ဖြင့် မြန်မာ့ရိုးရာလက်မှုပစ္စည်းများကို တစ်နေရာတည်းတွင် လေ့လာဝယ်ယူနိုင်ရန် ရန်ကုန်မြို့ သိမ်ဖြူလမ်းအတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၌ ဆိုင်ဖွင့်လှစ်ရောင်းချလျက်ရှိရာ တရုတ်နှင့်ကိုရီးယား ခရီးသွားများ အထူးစိတ်ဝင်တစား လေ့လာဝယ်ယူကြောင်း သိရသည်။
“မြန်မာမှုကို မြတ်နိုးတဲ့သူတွေ ပုဂံကိုတကူးတကသွားစရာမလိုဘဲ ရန်ကုန်မြို့မှာ မြန်မာ့လက်မှုပစ္စည်းဝယ်လို့ရရင် သိပ်ကောင်းမှာပဲလို့ တွေးမိရာက ဆိုင်ဖွင့်ဖြစ်သွားတာပါ။ ရန်ကုန်မြို့ခံတွေလည်း အားပေးသလို နိုင်ငံခြားသားတွေလည်း လာရောက်အားပေးကြပါတယ်။ နိုင်ငံခြားသားတွေထဲမှာဆိုရင် တရုတ်နဲ့ကိုရီးယားက မြန်မာ့လက်မှုပစ္စည်းကို ပိုပြီးဝယ်ယူ အားပေးကြပါတယ်” ဟု အဆိုပါ မြန်မာ့လက်မှု ပစ္စည်း အရောင်းဆိုင်တာဝန်ခံက ပြောသည်။
အဆိုပါအရောင်းဆိုင်၌ ရန်ကုန်မြို့ရှိ ဟိုတယ်၊ တည်းခိုခန်း၊ ကုမ္ပဏီ၊ စားသောက်ဆိုင်နှင့် နေအိမ်များတွင် အလှဆင်နိုင်ရန် ယွန်းထည် များဖြစ်သည့် မြန်မာ့စောင်း၊ ပတ္တလား၊ ယွန်းဆွမ်းအုပ်၊ ယွန်းရွှေဖလား၊ ယွန်းလက်ကောက်၊ ယွန်းဆွဲကြိုး၊ ကြယ်သီး၊ ဗီရို၊ အံဆွဲ၊ သေတ္တာ၊ ရေနွေးအိုး၊ ဝိုင်ခွက်၊ ဇီးကွက်၊ ရှေးရိုးရာထမင်းချိုင့်နှင့် အခြားအသုံး အဆောင်ပစ္စည်းများ၊ သစ်သားပစ္စည်းများဖြစ်သည့် ကရဝိတ်ဖောင်တော်၊ ရေနွေးအိုးအစုံ၊ မြန်မာ့ဆိုင်းဝိုင်း၊ ဆေးတံ၊ မီးဖိုချောင်သုံးပစ္စည်းမျိုးစုံ၊ အရုပ်မျိုးစုံ၊ ပုတီးမျိုးစုံ၊ လာဘ်ကောင်မျိုးစုံနှင့် အရုပ်မျိုးစုံကိုလည်း ပြသထားသည်။
ထို့ပြင် မြန်မာ့ယဉ်ကျေးမှုအငွေ့အသက်များဖြစ်သည့် မန္တလေး တောင်၊ မန္တလေးကျုံး၊ ဦးပိန်တံတား၊ စောင်းအလှနှင့် ပုဂံနန်းတွင်းသူအလှတို့ကို စတေကာရိုက်နှိပ်ထားသောအင်္ကျီများ၊ ဘော်ကြယ်များဖြင့် အလှဆင်ထားသည့် အင်္ကျီများကိုလည်း ပြသရောင်းချလျက်ရှိကြောင်း သိရသည်။
သတင်း - သစ္စာ(MNA)၊ ဓာတ်ပုံ - ဇွဲမာန်
#News #Myanmar


No comments:
Post a Comment