မြန်မာ - လာအို သုဝဏ္ဏကွင်းကြီးမှာ ယှဉ်ပြိုင်သွားတဲ့ ပွဲစဉ်နဲ့ ပတ်သက်လို့တော့ ပရိတ်သတ် တစ်ဦးချင်း တစ်ယောက်ချင်းက အတိုင်းမသိ ကျေနပ်ဝမ်းမြောက်နေကြပါတယ်။ လာအို ဆိုတာလည်း ခပ်ညံ့ညံ့မဟုတ်တော့ဘူးဆိုတာက ခြေပဂိုးတွေက သက်သေခံနေပါတယ်။
သို့သော် မြန်မာအသင်းရဲ့ နည်းပြအပြောင်းအလဲနဲ့ ပြောင်းလဲလာတဲ့ ပုံစံက အာရှကျားကြီးတစ်ကောင်ကို ပြန်ပြီး မြင်နေရသလိုလို ခံစားမိလာပါတယ်။ ဒီပွဲမှာ ဝင်းနိုင်ထွန်း ဟက်ထရစ်ရခဲ့သလို သန်းပိုင်အနေနဲ့လည်း အခွင့်အရေးတွေကို အပြည့်အဝ အသုံးချနိုင်ခဲ့မယ်၊ အဆုံးသတ် သေချာခဲ့မယ်ဆိုရင် ဟက်ထရစ် ရသွားနိုင်ပါတယ်။ ဂိုးအရေအတွက်ကလည်း ၁၀ ဂိုးလောက်အထိ ဖြစ်သွားနိုင်ပါတယ်။ လွင်မိုးအောင် တိတိကျကျ အဆုံးမသတ်နိုင်ခဲ့တဲ့ လွဲချော်မှုတွေကလည်း ဂိုးအရေအတွက် နည်းစေခဲ့ပါတယ်။
နည်းပြကြီးရဲ့ ကောင်းမွန်တဲ့ နည်းစနစ်နဲ့ အံဝင်ဂွင်ကျဖြစ်ပြီး အားလုံးအစွမ်းကုန်ကြိုးစားကြလို့ ကောင်းမွန်တဲ့ ရလဒ်တွေ ရလာတာကတော့ အာရှကျားကြီးကို ပြန်လည်မြင်တွေ့လာရခြင်း ဖြစ်ပါတယ်။
ဒီပွဲမှာ မမျှော်လင့်ပဲ ကျွန်တော်တို့ရဲ့ မောင်မောင်လွင် အနီကတ်ထိသွားတာကတော့ လုံးဝမဖြစ်သင့်တဲ့ကိစ္စပါ။ တစ်ဖက်ကစားသမားက တွန်းလည်းတွန်းတယ်။ စွဲလည်းစွဲတယ်။ ဒါကို VAR မှာ အထင်အရှားမြင်တွေ့ရပါတယ်။ ဒီအခြေအနေမှာ မောင်မောင်လွင်က ကိုယ်ထိလက်ရောက် ဘာမှ လုပ်ခဲ့တာ မရှိပါဘူး။ နှစ်ဖက်စလုံးကို အဝါပြ သတိပေးလို့ရတဲ့ အခြေအနေမှာ ဒိုင်လူကြီးရဲ့ အဆုံးအဖြတ်က အနီကတ် ဖြစ်နေပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ မြန်မာ့လက်ရွေးစင်အသင်းအတွက် အများကြီး နစ်နာစေပါတယ်။ ပြိုင်ပွဲတစ်လျှောက် ရရှိတဲ့ ဂိုးတွေမှာ မောင်မောင်လွင် ပါဝင်ပတ်သက်မှုက ကြီးမားတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ သူက အားလုံးကို ဂိုးရရှိဖို့ အကွက်မြင်မြင်နဲ့ ဖန်တီးပေးနိုင်သူပါ။ မောင်မောင်လွင် ရဲ့ အနီးကတ်နဲ့ ပတ်သက်လို့တော့ တာဝန်ရှိသူတွေအနေနဲ့ အယူခံဝင်သင့်တယ်။ ဒါကို ပယ်ဖျက်ပေးဖို့ ရအောင် ကြိုးစားသင့်တယ်လို့ မြင်ပါတယ်။ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ ကမ္ဘာ့ဖလားပွဲကြီးမှာ အမေရိကန်တိုက်စစ်မှူး အနိကတ်ထိထားတာကိုတောင် ပယ်ဖျက်ပေးခဲ့သေးတာပဲ။ မောင်မောင်လွင် မှာ အနီကတ်ထိရလောက်အထိ ပြစ်မှုကျူးလွန်ခြင်း မရှိတဲ့အတွက် ဒါကို ပယ်ဖျက်ပေးဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။
နည်းပြကြီးကို အထူးကျေးဇူးတင်ပါတယ်။ မြန်မာကစားသမားတွေဟာ မညံ့ကြပါဘူး။ အံဝင်ဂွင်ကျ မဖြစ်ခဲ့လို့သာ ရလဒ်တွေ ဆိုးရွားခဲ့တာပါ။ အခု နည်းပြသစ်ကြီးနဲ့ မြန်မာ့လက်ရွေးစင်ကစားသမားများ အတူလက်တွဲပြီး ရလဒ်တွေ ဒီထက်မက ပိုမိုကောင်းမွန်ပါစေလို့ ဆန္ဒပြုပါတယ်။
ကိုနောင်

No comments:
Post a Comment