နေပြည်တော်၊ ဩဂုတ် ၁၂
(၃၇) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (37th ASOEN and Related Meetings) ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူပြီး Virtual စနစ်ဖြင့် ဩဂုတ် ၁၀ ရက်မှ ၁၃ ရက်အထိ လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
(၃၇) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးဖွင့်ပွဲကို ယမန်နေ့က နေပြည်တော်ရှိ PARKROYAL Hotel ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးက ရာသီဥတုပြောင်းလဲမှု၊ ပလတ်စတစ်ညစ်ညမ်းမှု၊ ဇီဝမျိုးစုံမျိုးကွဲဆုံးရှုံးမှုနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ပြဿနာအပါအဝင် ကြုံတွေ့နေရသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆက်စပ်ဗဟိုဌာနများ ပူးပေါင်း၍ လက်တွဲဖြေရှင်းဆောင်ရွက်သွားမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
ထို့ပြင် ASOEN ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ ပတ်ဝန်းကျင်နှင့်သဘာဝသယံဇာတဝန်ကြီးဌာန၊ မူဝါဒ၊ စီမံကိန်းနှင့် နိုင်ငံတကာရေးရာဌာန၏ ဒုတိယဝန်ကြီး H.E. Attorney. Jonas R. Leones က Online မှ ပါဝင်တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးကို ဖွင့်လှစ်ပေးခဲ့သည်။
ဖွင့်ပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ၊ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံဇီဝမျိုးစုံမျိုးကွဲဗဟိုဌာနနှင့် အာဆီယံအထူးပြု မိုးလေဝသဗဟိုဌာနတို့မှ ကိုယ်စားလှယ်များလည်း Online မှ ပါဝင်တက်ရောက်ကြကြောင်း သိရသည်။
#News #Myanmar

No comments:
Post a Comment