နေပြည်တော်၊ ဩဂုတ် ၁၂
ကျန်းမာရေးဝန်ကြီးဌာနသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးရည်မှန်းကာ ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိခြင်းဖြင့် ရောဂါကင်းဝေး၍ သက်တမ်းစေ့နေထိုင်နိုင်စေရေးနှင့် ပြည်သူများဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ် သက်သာစေရေးအတွက် ပြည်တွင်း၌ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) တွင် ဆဋ္ဌမအကြိမ်နှင့် သတ္တမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကို ဩဂုတ် ၅ ရက်နှင့် ၆ ရက်တို့တွင် ပြုလုပ်ခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က အထူးကြပ်မတ်ကုသဆောင်တွင် စောင့်ကြပ်ကြည့်ရှုကုသပေးလျက်ရှိသော ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုခံယူထားသည့် လူနာများကို သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားကာ ဆေးရုံအုပ်ကြီးနှင့် ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၏ လူနာများကျန်းမာရေးအခြေအနေ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းပေးပြီး ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ကြရန် မှာကြားသည်။
ဆဋ္ဌမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ကရင်ပြည်နယ် ဘားအံမြို့နေ အသက် ၄၄ နှစ်ရှိ ကျောက်ကပ်လူနာ အမျိုးသားနှင့် ကျောက်ကပ်အလှူရှင် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် အဖျောက်ကျေးရွာမှ အသက် ၂၈ နှစ် အမျိုးသမီးတို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းခွဲစိတ်ချိန် ၅ နာရီနှင့် ၂၅ မိနစ်ကြာမြင့်ခဲ့သည်။
သတ္တမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် ငါးပြေမကျေးရွာနေ ကျောက်ကပ်လူနာ အသက် ၂၉ နှစ်ရှိ လက်ထောက်မူလတန်းပြဆရာမနှင့် ကျောက်ကပ်အလှူရှင် ညီအစ်မတော်စပ်သူ အသက် ၂၄ နှစ်ရှိ အမျိုးသမီးတို့ကို ခွဲစိတ်ကုသခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းခွဲစိတ်ချိန် ၅ နာရီ ၃၉ မိနစ်ကြာမြင့်ခဲ့သည်။ ဆဋ္ဌမအကြိမ်နှင့် သတ္တမအကြိမ် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော လူနာနှင့် ကျောက်ကပ်အလှူရှင် လေးဦးတို့၏ ခွဲစိတ်ပြီး ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသဌာနတွင် ထားရှိကာ လိုအပ်သောပြုစုကုသမှုများကို ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကျောက်ကပ်အစားထိုးကုသမှုများကို ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဗဟိုအဆင့်ဆေးရုံများ၊ တပ်မတော်ဆေးရုံကြီးများ၊ ရန်ကုန်/ မန္တလေးရှိ ပုဂ္ဂလိကဆေးရုံများတွင် ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနအောက်တွင် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀)၊ ရန်ကုန်၊ မန္တလေးပြည်သူ့ဆေးရုံကြီးတို့တွင် ပုံမှန်ဆောင်ရွက်နေသည့်အပြင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၌ ပထမအကြိမ် စတင်တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပြီး ယခုဆောင်ရွက်သည့် လူနာနှစ်ဦးအပါအဝင် ခုနစ်ကြိမ်အထိ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
#News #Myanmar

No comments:
Post a Comment