ပခုက္ကူ၊ ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပြီး မြစ်ကမ်းနံဘေးနှင့်မြေနိမ့်ပိုင်းရပ်ကွက်များ၊ ကျေးရွာများရှိပြည်သူများအား ယမန်နေ့နံနက်ပိုင်းက ရေဘေးရှောင်စခန်းများသို့ ကူညီပြောင်းရွှေ့ပေးပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ကြသည်။
မြစ်ရေဝင်ရောက်မှုကြောင့် ပခုက္ကူမြို့၊ အမှတ် ၁၀၊ ၁၃နှင့် ၁၄ရက်ကွက်များ၊ ရွှေချောင်းကျေးရွာရှိ အိမ်ထောင်စု ၂၀၃စု၊ လူဦးရေ ၈၄၃ဦးတို့အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဝင်းဦး၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး များပူးပေါင်းပြီး ရေဘေးရှောင်စခန်းဖွင့်လှစ်ထားသည့်နေရာ၅နေရာသို့ကူညီပြောင်းရွှေ့ပေးပြီး လိုအပ်သည့်ထောက်ပံ့ရေးပစ္စည်း များ ပေးအပ်ကြသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဩဂုတ်လ ၁၂ရက် နံနက် ၆နာရီ ၃၀မိနစ်အချိန် ဧရာဝတီမြစ်ရေမှတ် တိုင်းထွာချက်အရ ပခုက္ကူမြို့တွင် မြစ်ရေအမှတ် ၂၂၀၆စင်တီမီတာသို့ရောက်ရှိပြီး စိုးရိမ်ရေမှတ် ၂၁၅၀စင်တီမီတာအထက် ၂၂ စင်တီမီတာအထိ ကျော်လွန်ရောက်ရှိနေဆဲဖြစ်သောကြောင့် ရေဝင်ရောက်သည့် ရပ်ကွက်များမှလူနေအိမ်များစာရင်းပြုစုခြင်း၊ ကူညီပြောင်းရွှေ့ပေးခြင်း၊ ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#News #Myanmar






No comments:
Post a Comment