ဩဂုတ် - ၃၁ ( တနင်္လာနေ့ )
ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနဟာ ရွှေဈေးကွက် တစ်ခုလုံးကို လွှမ်းခြုံစောင့်ကြည့်နိုင်မယ့် စည်းမျဉ်းမူဘောင် တစ်ခုကို ပြင်ဆင်နေပါတယ်။ ငွေကြေး စီးဆင်းမှုဆိုင်ရာ မှတ်တမ်းတွေနဲ့ ရွှေအရောင်းအဝယ် စာရင်းတွေကို ချိတ်ဆက်ထားမှာဖြစ်လို့ အာဏာပိုင်တွေအနေနဲ့ ငွေစထွက်လာတဲ့ မူလနေရာကနေ ရွှေအတုံးအခဲလိုက် အမှန်တကယ် လွှဲပြောင်းပေးပို့တာအထိ ငွေလမ်းကြောင်းကို နောက်ယောင်ခံ လိုက်နိုင်တော့မှာပါ။
စည်းမျဉ်းတွေ အတည်မပြုမီ ဘဏ္ဍာရေးမူဝါဒရုံး (FPO) ညွှန်ကြားရေးမှူးချုပ် က အစိုးရဌာနတွေ၊ လုပ်ငန်းရှင်တွေဆီက အကြံဉာဏ်တွေ ရယူနေတယ်လို့ ပြောပါတယ်။ ရည်ရွယ်ချက်ကတော့ တရားဝင် စီးပွားရေးလုပ်ငန်းတွေကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေဘဲ ရွှေအရောင်းအဝယ် ပိုပြီး ပွင့်လင်းမြင်သာမှု ရှိလာစေဖို့ဖြစ်ပါတယ်။
တာဝန်ရှိသူတွေဟာ လိမ်လည်သူတွေနဲ့ တရားမဝင်ငွေကြေးကွန်ရက်တွေက ရွှေလုပ်ငန်းတွေကို အသုံးချပြီး မူလအစ ရင်းမြစ်မဖော်ပြနိုင်တဲ့ ငွေကြေးတွေကို လှည့်ပတ်တာ၊ ခဝါချတာမျိုး မလုပ်နိုင်အောင် တားဆီးချင်တာပဲ ဖြစ်ပါတယ်။
"ရွှေဈေးကွက်မှာ အရေးပေါ် ဖြေရှင်းဖို့လိုတဲ့ ပြဿနာ နှစ်ခုရှိနေပါတယ်။ ပထမတစ်ခုက ရွှေလုပ်ငန်းကို တိုက်ရိုက် ကိုင်တွယ် ကွပ်ကဲတဲ့ ဌာန မရှိတာပါပဲ။ ဒုတိယတစ်ခုက အစိုးရမှာ အရောင်းအဝယ် အချက်အလက် အပြည့်အစုံ ရယူနိုင်တဲ့ ကိရိယာ မရှိတာပါ" လို့ ၎င်းက ပြောပါတယ်။
ဒီလို အားနည်းချက်တွေကြောင့် အာဏာပိုင်တွေအနေနဲ့ ငွေကြေး စတင်ရာကနေ အဆုံးထိ လမ်းကြောင်း အပြည့်အဝ ဖော်ထုတ်ဖို့နဲ့ ဘဏ္ဍာရေးစနစ်ထဲ ရောက်လာတဲ့ငွေဟာ ရွှေအဖြစ် ပြောင်းလဲသွားသလား ဆိုတာကို အတည်ပြုဖို့ အခက်အခဲ ရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
ဝန်ကြီးဌာနအနေနဲ့ စနစ်အသီးသီးမှာ ရှိနေတဲ့ အချက်အလက်တွေကို ပေါင်းစည်းပြီး "ချိတ်ဆက်ဆောင်ရွက်သွားဖို့" ရည်ရွယ်ထားပါတယ်။ အစိုးရရဲ့ ချဉ်းကပ်ဆောင်ရွက်မှုနဲ့အညီ ထိုင်းဗဟိုဘဏ် (BOT) က စည်းမျဉ်းအချို့ ထုတ်ပြန်ထားပြီး ဖြစ်သလို၊ ဘဏ္ဍာရေးမူဝါဒရုံး (FPO) ကလည်း စောင့်ကြည့်စစ်ဆေးမှု နယ်ပယ်ကို ပိုမိုကျယ်ပြန့်စေဖို့ အသေးစိတ် အချက်အလက်တွေကို ဆက်လက် ပြင်ဆင်နေပါတယ်။
တာဝန်ရှိသူတွေဟာ ရွှေအဝယ်နဲ့ အရောင်း စာရင်းတွေတင်မကဘဲ အဲ့ဒါထက်ပိုပြီး ကြည့်ရှုသွားမှာ ဖြစ်ပါတယ်။ အဆိုပြုထားတဲ့ မူဘောင်မှာ ငွေကြေးစီးဆင်းမှုနဲ့ စတင်ရာ ရင်းမြစ်၊ ရွှေအတုံးအခဲလိုက် လွှဲပြောင်းပေးပို့မှု၊ အရောင်းအဝယ် စာရင်းတွေနဲ့ ရွှေတင်သွင်းမှုတွေအထိ ပါဝင်မှာပါ။ ဒီအချက်အလက်တွေကနေတစ်ဆင့် အရောင်းအဝယ် စာရင်းပါ ငွေကြေးနဲ့ ရွှေဟာ အမှန်တကယ် ရှိ မရှိနဲ့ ဝယ်ယူရာမှာ သုံးစွဲခဲ့တဲ့ ငွေကြေးတွေဟာ ဘယ်ကစတင် ရောက်ရှိလာသလဲ ဆိုတာကို အာဏာပိုင်တွေ စိစစ်နိုင်မှာ ဖြစ်ပါတယ်။
ဝန်ကြီးဌာနရဲ့ ဒီဆောင်ရွက်ချက်ဟာ ဥပဒေအရ သတ်မှတ်ချက်နဲ့ ငြိစွန်းတဲ့ ငွေသားအရောင်းအဝယ်တွေနဲ့ အခြား လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ခွင့်ရှိပြီးသားဖြစ်တဲ့ ငွေကြေးခဝါချမှု တားဆီးနှိမ်နင်းရေးရုံး (AMLO) ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ဖြည့်ဆည်း ကူညီပေးရာ ရောက်မှာပါ။ ဘဏ္ဍာရေးဝန်ကြီးဌာနဟာ ငွေကြေးစီးဆင်းမှုနဲ့ ရွှေကြားက ချိတ်ဆက်မှုတွေကို ပြသနိုင်မယ့် ပိုမိုအသေးစိတ်ကျတဲ့ အချက်အလက်တွေကို ရရှိချင်နေတာဖြစ်ပါတယ်။
REF: The Nation
#News #Myanmar

No comments:
Post a Comment