ညောင်တုန်း၊ ဩဂုတ် ၁၅
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင် မန်းငြိမ်းမောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး မန်းသိန်းကျော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ မြို့နယ်ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဦးဆောင်ကျင်းပသော ဝါခေါင်လကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ) အခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ အခမ်းအနားကို ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး မန်းသိန်းကျော်နှင့် မြို့နယ်ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်း နာယကဆရာတော် ဘန္ဒန္တသုမင်္ဂလတို့က မင်္ဂလာဖားစည် (၉) ချက်တီး၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ကရင်အမျိုးသား အလံတော်အား အလေးပြုသည်။
ထို့နောက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင် မန်းငြိမ်းမောင်က ဝါခေါင်လကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ) အခမ်းအနားကို ကြွရောက်လာကြသည့် ကရင်တိုင်းရင်းသားအပေါင်းတို့ မင်္ဂလာအပေါင်းပြည့်စုံကြပါစေကြောင်းနှင့် ကရင်လူမျိုးအားလုံးနှင့်သက်ဆိုင်သော ယဉ်ကျေးမှု၊ စစ်မှန်တဲ့ ရိုးရာအမွေအနှစ်များကို မပျောက်မပျက်ထိမ်းသိမ်းကြပြီး ဥမကွဲ အသိုက်မပျက် စည်းလုံးညီညွှတ်စွာဖြင့် အစဉ်အလာကောင်းများကို ထိန်းသိမ်းကြရန် နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး မန်းသိန်းကျော်က ဝါခေါင်လကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ) အခမ်းအနားသို့ စည်းစည်းလုံးလုံးစုစုစည်းစည်းဖြင့် တက်ရောက်လာကြသည့်အတွက် များစွာကျေးဇူးတင်ရှိပါကြောင်း၊ ကရင်လူမျိုးများနှင့်သက်ဆိုင်သည့် ရိုးရာယဉ်ကျေးမှုပွဲများကို အစဉ်အလာမပျက်ပြုလုပ်သွားကြရန်လိုကြောင်း ပြောကြားပြီး မြို့နယ်ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ စော ထွန်းအောင်ရှိုင်းက ဝါခေါင်လကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ(လက်ချည်ပွဲ) ကျင်းပရခြင်းရည်ရွယ်ချက်များကို လည်းကောင်း၊ ဝါခေါင်လကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ) ကျင်းပရေး ကော်မတီအတွင်းရေးမှူး စပြည့်စုံဖြိုးက ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ) အကြောင်း သိကောင်းစရာများကို လည်းကောင်း၊ ဘိုးဘွားများ ကိုယ်စား မြို့နယ်ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းနာယက မန်းချစ်စိုးက ဆုံးမဩဝါဒစကားကိုလည်းကောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဝင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများနှင့်အတူ ဝါခေါင်လကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ (လက်ချည်ပွဲ) ကို ကျင်းပခဲ့ကြောင်း သိရသည်။
#News #Myanmar

No comments:
Post a Comment