တာမွေ၊ ဩဂုတ် ၁၅
ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ခရီးသည်တင်ယာဉ်များ၏ ပြုပြင်ထိန်းသိမ်းစရိတ်များ မြင့်မားလာမှု ကြောင့် YBS ယာဉ်စီးခများအား ၂၀၂၆-ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့မှစ၍ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ( YRTC )မှ သိရသည်။
“ ရန်ကုန်မြို့မှာ စက်သုံးဆီအခက်အခဲကြောင့် YBS ခရီးသည်တင်ယာဉ်များအား လိုက်ပါစီးနင်းတဲ့ ခရီး သည်များ ယခင်ကထက် အဆမတန် ပိုမိုများပြားလာပြီး ရုံးဆင်း/ရုံးတက်ချိန်တွေမှာ ကားမှတ်တိုင်တိုင်း ခရီးသည် စုပုံခြင်း၊ YBS ယာဉ်များပေါ် ပြည့်ကျပ်စွာ စီးနင်းနေရပြီး စီးနင်းခရီးသည်နဲ့ ပြေးဆွဲယာဉ်စီးရေ လောက်ငှမှုမရှိ ကြောင်းကို တွေ့ရှိရတဲ့အတွက်ကြောင့် YRTC အနေနဲ့ YBS ခရီးသည်တင်ယဉ်တွေ ယာဉ်စီးရေတိုးမြှင့်ထွက်ရှိရေးကို အလေးထားကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။ ထိုသို့ဆောင်ရွက်တဲ့နေရာမှာ အသေးစား၊ အလတ်စား ပြုပြင် ဆောင်ရွက်နေတဲ့ YBS ယာဉ်တွေကို အမြန်ဆုံးပြုပြင်ပြီး ယာဉ်စီးရေ ပိုမိုထွက်ရှိပြေးဆွဲပေးနိုင်ရေးအတွက် YBS အများပိုင်ကုမ္ပဏီတွေကို စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။ YBS အများပိုင်ကုမ္ပဏီတွေဖက်ကလည်း ပြုပြင် လျက်ရှိတဲ့ YBS ခရီးသည်တင်မော်တော်ယာဉ်တွေ ယာဉ်ထွက်တိုးဖို့ ယာဉ်ပြင်ဆင်မှုအတွက် ယာဉ်အပိုပစ္စည်း၊ တာယာ၊ အင်ဂျင်ဝိုင်၊ ဘတ္ထရီပစ္စည်းတွေ ဝယ်ယူရာမှာ ယာဉ်အပိုပစ္စည်းရှားပါးမှုနဲ့ ဈေးနှုန်းကြီးမြင့်မှုတို့ကြောင့် ဝယ်ယူပြုပြင်ဖို့ အခက်အခဲတွေဖြစ်ပေါ်နေကြောင်း စိစစ်တွေ့ရှိရပါတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ( YRTC )မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်ကပြောသည်။
ယာဉ်အပိုပစ္စည်းဝယ်ယူမှုဈေးနှုန်းတွေကို သုတေသနပြုဆောင်ရွက်ဖို့အတွက် အစိုးရက ရှယ်ယာထည့်ဝင် ထားတဲ့ YUPT Public Co., Ltd. နှင့့် YBPC Co., Ltd. တို့၏ ယာဉ်အပိုပစ္စည်းဝယ်ယူမှု ကုန်ကျစရိတ်တွေကို လေ့လာ စိစစ်ဆောင်ရွက်ခဲ့ရာမှာ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ နှစ်အလိုက် တိုးမြှင့်မှုအခြေအနေတွေကတော့ ဘတ္ထရီအုပ်စု (၂၆၅%) ၊ ကားအပိုပစ္စည်းအုပ်စု (၃၂၇%)၊ ဘရိတ်အုပ်စု (၄၈၃%)၊ အင်ဂျင်နှင့် ဆက်စပ်ပစ္စည်းအုပ်စု (၅၆၆%)၊ အင်ဂျင်ဝိုင်နှင့်ဆီအုပ်စု (၂၀၄%)၊ အခြားအုပ်စု (၁၀၈၀%)၊ ဆင်ဆာနှင့်လျှပ်စစ်ပစ္စည်းအုပ်စု (၃၀၆%)၊ တာယာအုပ်စု (၃၇၄%) တို့အထိ တိုးမြင့်မှုရှိနေသည့် အခြေအနေကို တွေ့ရှိရပါကြောင်း၊ YBS ယာဉ်တွေအနေနဲ့ ယာဉ်အပိုပစ္စည်း ဝယ်ယူမှုနှုန်း တိုးမြှင့်လာပေမဲ့လည်း YBS ယာဉ်စီးခနှုန်းထားများမှာ တိုးမြင့်မှုမရှိဘဲ မူလ ရန်ကုန်မြို့တွင်း (Downtown) ဧရိယာအတွင်း (၂၀၀) ကျပ်၊ အခြားရန်ကုန်မြို့ပြင်နှင့် ဆင်ခြေဖုံးဒေသ (၄၀၀) ကျပ်နှုန်းသာ ၂၀၂၁ ခုနှစ်မှ ယနေ့အထိ ကောက်ခံဆောင်ရွက်လျက်ရှိရာမှာ ယာဉ်အပိုပစ္စည်း ယာဉ်နှင့်ဆက်စပ်ပစ္စည်းများ ဝယ်ယူမှုတန်ဖိုး ကြီးမြင့်လာသည့်အတွက်ကြောင့် ဝင်ငွေ/ထွက်ငွေ မမျှတခြင်း၊ ကုမ္ပဏီ၏ မတည်ရင်းနှီးငွေများ တဖြည်းဖြည်း လျော့နည်းလာခြင်း စသည့်အခြေအနေများဖြစ်ပေါ်နေကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
YRTC ၏ ကြီးကြပ်မှုအောက်ရှိ YBS အများပိုင်ကုမ္ပဏီ (၂၁) ခုမှ စာရင်းရှိယာဉ်စီးရေ (၅၃၉၉) စီး ရှိသော် လည်း တစ်ရက်ပြေးဆွဲနိုင်သည့် ယာဉ်စီးရေမှာ (၃၃၀၀)စီးခန့်သာရှိပြီး အသေးစားပြုပြင်ယာဉ် (၁၀၂၄) စီး၊ အလတ် စား ပြုပြင်ယာဉ် (၂၀၉) စီး၊ အကြီးစားပြုပြင်ယာဉ် (၅၁၀) စီးနှင့် အခြားပြေးဆွဲနိုင်ခြင်းမရှိသည့်ယာဉ် (၃၅၆) စီးခန့် ရှိနေသည့်အတွက် လက်ရှိပြုပြင်ဆဲယာဉ်များ၏ ယာဉ်အပိုပစ္စည်း ဈေးနှုန်းကြီးမြင့်သော်လည်း ဝယ်ယူပြုပြင်ဆောင် ရွက်ရာမှာ အထိုက်အလျောက် အဆင်ပြေစေရေးအတွက် ယာဉ်စီးခနှုန်းထားများကို ထိုက်သင့်သလောက် တိုးမြှင့်ပေး ဖို့ YUPT နှင့် YBPC Co., Ltd တို့က YRTC ကိုတင်ပြခဲ့ကြကြောင်း၊ YBS ယာဉ်စီးရေတိုးမြှင့်ထွက်ရှိပြေးဆွဲပေးနိုင်ရေး အတွက် ကုမ္ပဏီအတွင်းရှိ ပြုပြင်ဆဲယာဉ်များ အမြန်ဆုံးပြုပြင်ဆောင်ရွက်မှသာလျှင် ခရီးသွားပြည်သူတွေအတွက် ပိုမိုအဆင်ပြေနိုင်မှာဖြစ်ပြီး ယာဉ်တွေပြုပြင်ရာမှာလည်း ယာဉ်အပိုပစ္စည်းဆက်စပ်ပစ္စည်းများကို ဝယ်ယူမှုဈေးနှုန်း မြင့်မားခြင်းနှင့် ဝင်ငွေ/ထွက်ငွေ မမျှတခြင်းတို့ကို ကုစားနိုင်ဖို့အတွက် သင့်တင့်မျှတသည့် ယာဉ်စီးခနှုန်းထားကို ပြန် လည်သတ်မှတ်နိုင်မှသာ YBS ယာဉ်လိုင်းကုမ္ပဏီများအတွက် အထိုက်အလျှောက် အဆင်ပြေစေမှာဖြစ်သည့်အပြင် ခရီးသည်တွေအတွက်လည်း ယာဉ်စီးနင်းရာမှာ အခက်အခဲမရှိ ပြေလည်စေနိုင်မှာဖြစ်ကြောင်းကို တွေ့ရှိရတဲ့အတွက် Win-Win ဖြစ်စေဖို့- ဝန်ထုပ်ဝန်ပိုးမဖြစ်စေတဲ့နှုန်းထားဖြစ်တဲ့- လက်ရှိ ငွေကျပ် (၂၀၀) ကောက်ခံမှုအစား ငွေကျပ် (၃၀၀) သို့လည်းကောင်း၊ လက်ရှိ ငွေကျပ် (၄၀၀) ကောက်ခံမှုအစား ငွေကျပ်(၆၀၀) သို့လည်းကောင်း တိုးမြှင့် ကောက်ခံသွားမှာဖြစ်ကြောင်း သိရသည်။
YPS ကတ်များကိုပါ အဆိုပါနှုန်းထားနည်းတူ တစ်ပြိုင်တည်း ပြောင်းလဲကောက်ခံသွားမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာနည်းပညာကုမ္ပဏီနဲ့ သတ်မှတ်ရက်အမီ ပြောင်းလဲနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယာဉ်စီးခ တိုးမြှင့်ကောက်ခံမှုကို ၂၀၂၆-ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့မှ စတင်ပြောင်းလဲသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ( YRTC )မှ သိရသည်။
YRTC၏ ကြီးကြပ်မှုအောက်တွင် YBS ယာဉ်လိုင်းကုမ္ပဏီ (၂၁) ခု၊ စာရင်းရှိယာဉ်လိုင်း (၁၄၅) လိုင်း စာရင်းရှိ ယာဉ်စီးရေ (၅၃၉၉) စီးရှိပြီး နေ့စဉ်ပြေးဆွဲယာဉ်လိုင်း (၁၃၄) လိုင်း ၊ ယာဉ်စီးရေ (၃၃၀၀) စီးခန့်ဖြင့် ခရီးသည် (၁.၈) သန်းခန့်ကို သယ်ယူပို့ဆောင်ပေးလျက်ရှိပြီး YPS ကတ်သုံးစွဲသူဦးရေမှာ ငါးသိန်းအထိရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)
#News #Myanmar



No comments:
Post a Comment