မိမိတို့နိုင်ငံ၏ဂုဏ်ကို ထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမိသားစုများနှင့် သင်တန်းသားများအား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

မိမိတို့နိုင်ငံ၏ဂုဏ်ကို ထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမိသားစုများနှင့် သင်တန်းသားများအား နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မှာကြား




နေပြည်တော်၊ ဩဂုတ် ၂၃

ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမိသားစုများနှင့် သင်တန်းသားများအား ၂၁-၈-၂၀၂၆ ရက်နေ့ ဒေသစံတော်ချိန် ည ၇ နာရီ ၁၅ မိနစ်တွင် Double Tress by Hilton ဟိုတယ်၌ တွေ့ဆုံအမှာစကားပြောကြားစဉ် မိမိတို့နိုင်ငံ၏ဂုဏ်ကို ထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။

တွေ့ဆုံပွဲသို့ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ မြန်မာအာကာသအေဂျင်စီအမှုဆောင်အရာရှိချုပ်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိများ၊ ဒုတိယဝန်ကြီးများ၊ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမောင်မောင်စိုး၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ သင်တန်းသားများ တက်ရောက်ကြသည်။

နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် မိမိအနေဖြင့် နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ လူကာရှန်ကို၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံနှင့် အလှမ်းကွာဝေးသည့် နိုင်ငံတစ်ခုဖြစ်သော်လည်း ယခင်နိုင်ငံအကြီးအကဲများက အမြှော်အမြင်ကောင်းမွန်စွာ ဘယ်လာရုစ်နိုင်ငံနှင့် ဆက်ဆံရေးကို စတင်တည်ထောင်ခဲ့ပြီး မိမိအနေဖြင့် နိုင်ငံတော်တာဝန်ထမ်းဆောင်ချိန်တွင် နှစ်နိုင်ငံအကြား ဆက်ဆံမှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ကာ ယခုအခါ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာခဲ့ပြီဖြစ်ကြောင်း၊ နှစ်နိုင်ငံသံတမန်ဆက်ဆံမှုမြှင့်တင်ခြင်းအဖြစ် ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးကိုလည်း ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း၊ ဘယ်လာရုစ်နိုင်ငံသည် မိမိတို့နိုင်ငံ၏ မိတ်ဆွေကောင်းနိုင်ငံတစ်ခုပင်ဖြစ်ကြောင်း။

ဘယ်လာရုစ်နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းများကို ခေတ်မီစက်ကိရိယာများဖြင့် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံစီးပွားရေးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သကဲ့သို့ သိပ္ပံနှင့်နည်းပညာများလည်း များစွာဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အဓိကထားဆောင်ရွက်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် ဘယ်လာရုစ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက မိမိတို့နိုင်ငံ၏ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်စေရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

ဘယ်လာရုစ်နိုင်ငံတွင် လယ်ယာစက်မှုလုပ်ငန်းများ တိုးတက်လျက်ရှိသကဲ့သို့ မွေးမြူရေးလုပ်ငန်းများတွင်လည်း ခေတ်မီနည်းစနစ်များဖြင့် အောင်မြင်စွာ ဆောင်ရွက်ပြီး ထုတ်ကုန်များကို နိုင်ငံတကာသို့တင်ပို့ရောင်းချနိုင်သည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည်လည်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြစ်သဖြင့် အခြေခံအားဖြင့် တူညီမှုရှိကြောင်း၊ မိမိအနေဖြင့် ဘယ်လာရုစ်နိုင်ငံသို့ ရောက်ရှိချိန်ကာလအတွင်း ဘယ်လာရုစ်နိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်ကို မျက်မြင်တွေ့ရှိခဲ့ကြောင်း၊ ဘယ်လာရုစ်သမ္မတနိုင်ငံနှင့် ဆက်ဆံမှုတိုးမြှင့်ဆောင်ရွက်ခြင်းသည် မိမိတို့နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။

ဘယ်လာရုစ်နိုင်ငံနှင့် ဆက်ဆံမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာလမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ အောင်မြင်စေရေးအတွက် သံရုံးတွင်တာဝန်ထမ်းဆောင်နေကြသူများအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။

ဘယ်လာရုစ်နိုင်ငံ၏ ပညာရေးသင်ကြားရေးသည်လည်း အဆင့်မီသည့် ပညာရေးစနစ်တစ်ခုဖြစ်သည်ကို တွေ့ရှိရပြီး မိမိတို့နိုင်ငံအပါအဝင် နိုင်ငံတကာမှ သင်တန်းသားများလည်း လာရောက်၍ ပညာများဆည်းပူးလျက်ရှိသည်ကို သိရှိရကြောင်း၊ ဘယ်လာရုစ်နိုင်ငံတွင်လာရောက် ပညာသင်ကြားလျက်ရှိသည့် ပညာတော်သင် သင်တန်းသားများအနေဖြင့် သက်ဆိုင်ရာသင်ကြားရသည့် ဘာသာရပ်များအား မိမိတို့နိုင်ငံ၏ အကျိုးအတွက် ပြန်လည်အသုံးပြုနိုင်ရေးစနစ်တကျသင်ယူကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံနှင့် အလှမ်းကွာဝေးပြီး ရာသီဥတုဆိုးရွားသည့် နိုင်ငံတစ်ခုတွင် ငွေကြေးနှင့် အချိန်များပေးဆပ်၍ သင်ကြားနေကြရခြင်းဖြစ်သဖြင့် စနစ်တကျသင်ယူပြီး နိုင်ငံအတွက် အကျိုးရှိအောင်ဆောင်ရွက်ကြစေလိုကြောင်း။

မိမိတို့ကဲ့သို့ အာရှနိုင်ငံများမှ လာရောက်သင်ကြားလျက်ရှိသည့် နိုင်ငံသားများနှင့် ပေါင်းသင်းဆက်ဆံမှုများ ကောင်းမွန်အောင်ဆောင်ရွက်ပြီး မိမိတို့နိုင်ငံ၏ဂုဏ်ကို ထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်ကို ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်လျှောက်လှမ်းနိုင်ရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ မိမိတို့နိုင်ငံ၏ သမိုင်းဖြစ်ရပ်မှန်များကို မိမိတို့ကိုယ်တိုင်သိရှိအောင် လေ့လာဆောင်ရွက်ကြရန်လိုအပ်သကဲ့သို့ မသိရှိသေးသူများကိုလည်း သိရှိစေရေး တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ပေးရန်လိုကြောင်း။

မိမိတို့၏ အတွေ့အကြုံနှင့် တိုင်းပြည်၏ အခြေအနေအပေါ်မူတည်၍ လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်ပတွင် နေထိုင်စဉ်အတွင်း တိုင်းပြည်မျက်နှာမပျက်အောင် နေထိုင်ဆောင်ရွက်ရန်၊ ကျန်းမာရေးကို အထောက်အကူဖြစ်စေမည့် ကိုယ်လက်လှုပ်ရှားအားကစားများကို ဆောင်ရွက်ကြရန်လိုကြောင်း၊ ပညာသင်ကြားရေးအပိုင်းတွင်လည်း တစ်ဦးချင်းအတွက် အကျိုးဖြစ်ထွန်းစေမည့် ဘာသာစကားများကို လေ့လာရန်လိုသကဲ့သို့ ပြောင်းလဲတိုးတက်လျက်ရှိသည့် ခေတ်မီနည်းပညာများကိုလည်း စဉ်ဆက်မပြတ်လေ့လာနေကြရန်လိုကြောင်း၊ ဘယ်လာရုစ်နိုင်ငံသည် ရာသီဥတုဆိုးရွားသည့် နိုင်ငံတစ်ခုဖြစ်သဖြင့် တစ်ဦးချင်း၏ ကျန်းမာရေးကို ဂရုစိုက်ကြရန်နှင့် ကျန်းမာရေးကိုအထောက်အကူပြုစေမည့် ကိုယ်လက်လှုပ်ရှားအားကစားများကို လုပ်ဆောင်ကြရန်ရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက သံရုံးမိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ သံအမတ်ကြီးနှင့် သင်တန်းသားများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။


#News #Myanmar


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)