နေပြည်တော်၊ ဩဂုတ် ၂၉
ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွား ပြည်သူများနှင့် ကျောင်းသား ကျောင်းသူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရထား အမှတ် ည-၁၊ ည-၃၊ ည-၅၊ ည-၇၊ ည-၉၊ ည-၁၁ ရန်ကုန်-တိုးကြောင်ကလေး-ဒဂုံတက္ကသိုလ်နှင့် ည-၂၊ ည-၄၊ ည-၆၊ ည-၈၊ ည-၁၀၊ ည-၁၂ ဒဂုံတက္ကသိုလ်-တိုးကြောင် ကလေး-ရန်ကုန် ရထားခရီးစဉ်များကို ဘက်ထရီရထားစက်ခေါင်းဖြင့် တစ်တွဲလျှင် ခရီးသည် ၆၂ ဦးလိုက်ပါနိုင်သည့် ရိုးရိုးတန်းတွဲ (၆) တွဲပါဝင်သော တွဲဆိုင်းအားအသုံးပြု၍ တစ်ရက်လျှင် အစုန်/အဆန် လူစီးရထား (၁၂) ခေါက်ကို စက်တင်ဘာ ၁ ရက်မှစတင်၍ နေ့စဉ်ပြေးဆွဲပေးသွားမည်ဖြစ်သည်။
ရထားပြေးဆွဲမှုအနေဖြင့် ဒဂုံတက္ကသိုလ် ကျောင်းသား ကျောင်းသူများ ကျောင်းတက်၊ ကျောင်းဆင်းချိန် အဆင်ပြေစေရန် ကျောင်းတက်ချိန် နံနက် ၈ နာရီဖြစ်၍ ည-၁ အဆန်ရထားသည် ရန်ကုန်ဘူတာမှ နံနက် ၆ နာရီ ၁၅ မိနစ်တွင် ထွက်ခွာပြီး ဒဂုံတက္ကသိုလ်ဘူတာသို့ နံနက် ၇ နာရီခွဲတွင် ရောက်ရှိမည်ဖြစ်သည်။ ထို့အတူ ကျောင်းဆင်းချိန် မွန်းလွဲ ၃ နာရီဖြစ်၍ ည-၁၀ အစုန်ရထားသည် ဒဂုံတက္ကသိုလ်ဘူတာမှ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင်ထွက်ခွာပြီး ရန်ကုန်ဘူတာသို့ ညနေ ၄ နာရီ ၃၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်သည်။ ကျန်ရထားများမှာလည်း သတ်မှတ်အချိန်ဇယားအတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်ပြီး လမ်းခရီးတွင် ပုဇွန်တောင်၊ မလွှကုန်း၊ နှင်းဆီကုန်း၊ သင်္ဃန်းကျွန်း၊ ငမိုးရိပ်၊ တိုးကြောင်ကလေးဘူတာများ၌ ဘူတာစဉ်ရပ်တန့်ပေးမည်ဖြစ်သည်။ ရထားလက်မှတ်ခအနေဖြင့် မည်သည့်ဘူတာအတွက်မဆို တစ်ဦးလျှင် ငွေကျပ် ၅၀၀ နှုန်း ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အများပြည်သူလူထုရထားဖြင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် အဓိကရထားလမ်းပိုင်းများဖြစ်သည့် ရန်ကုန်-မန္တလေးလမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းများနှင့် ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းများတွင်သာမက အခြားလမ်းပိုင်းများဖြစ်သော ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်း၊ ပျဉ်းမနား-တောင်တွင်းကြီးလမ်းပိုင်း၊ ရန်ကုန်-ပြည်-ပုဂံလမ်းပိုင်း၊ မြစ်ကြီးနား-မိုးညှင်းလမ်းပိုင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းနှင့် လက်ပံတန်း-သာရဝေါလမ်းပိုင်း စသည့်လမ်းပိုင်းများတွင် လူစီးရထားခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိကြောင်းနှင့် ရန်ကုန်-ဒဂုံတက္ကသိုလ်ရထားခရီးစဉ်တွင် ခရီးသည်၊ ကျောင်းသား ကျောင်းသူများ စီးနင်းမှုများပြားလာပါက ရထားထပ်တိုး ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#News #Myanmar

No comments:
Post a Comment