ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် အထက်လွှတ်တော်ဥက္ကဋ္ဌတို့အား ပူးတွဲတွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် အထက်လွှတ်တော်ဥက္ကဋ္ဌတို့အား ပူးတွဲတွေ့ဆုံဆွေးနွေး









နေပြည်တော်၊ ဩဂုတ် ၂၂

ဘယ်လာရုစ်သမ္မတနိုင်ငံ မင့်စ်မြို့တွင် တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယမန်နေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Petrovich Sergeenko နှင့် အထက်လွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Natalya Kochanova တို့အား မင့်စ်မြို့ရှိ အမျိုးသားလွှတ်တော်၌ ပူးတွဲတွေ့ဆုံဆွေးနွေးသည်။

ဦးစွာ နိုင်ငံတော်သမ္မတသည် တွေ့ဆုံပွဲ ကျင်းပပြုလုပ်မည့် ဘယ်လာရုစ်နိုင်ငံ အမျိုးသားလွှတ်တော်အဆောက်အအုံသို့ ရောက်ရှိရာ ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် အထက်လွှတ်တော်ဥက္ကဋ္ဌတို့က ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြပြီး နိုင်ငံတော်သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦးတို့သည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံသည် ဘယ်လာရုစ်နိုင်ငံ၏ အရှေ့တောင်အာရှတွင် ယုံကြည်စိတ်ချရသည့် မိတ်ဆွေနိုင်ငံတစ်ခုဖြစ်မှုနှင့် နိုင်ငံ့ခေါင်းဆောင်အချင်းချင်း ချစ်ကြည်ရင်းနှီးပြီး အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာကောင်းမွန်လျက်ရှိမှု၊ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ယခုခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချုပ်များနှင့် နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးနိုင်ခဲ့မှု၊ နှစ်နိုင်ငံပြည်သူများ၏ အကျိုးအတွက် နှစ်နိုင်ငံနှင့် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန် ကူညီထောက်ခံဆောင်ရွက်ပေးလျက်ရှိမှု၊ ဘယ်လာရုစ်နိုင်ငံတွင် ရွေးကောက်ပွဲကျင်းပစဉ်က မြန်မာနိုင်ငံမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လာရောက်လေ့လာခဲ့သကဲ့သို့ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပချိန်ကလည်း ဘယ်လာရုစ်နိုင်ငံမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ စေလွှတ်လေ့လာခဲ့မှုနှင့် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့မှုအပေါ် ဘယ်လာရုစ်လွှတ်တော်အနေဖြင့် ဝမ်းမြောက်ဂုဏ်ယူမှု၊ နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်နှစ်ရပ်အကြား ချစ်ကြည်ရေးအဖွဲ့ကို ဖွဲ့စည်းထားရှိမှု၊ လွှတ်တော်နှစ်ရပ်အကြား အပြန်အလှန်လေ့လာရေးခရီးစဉ်များ ဆောင်ရွက်သွားမည့်အခြေအနေများ၊ ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား အဖွဲ့အစည်းများ၊ လူငယ်လူရွယ်နှင့် အမျိုးသမီးရေးရာအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတအား ဘယ်လာရုစ်နိုင်ငံ လွှတ်တော်ဥက္ကဋ္ဌများက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)