နေပြည်တော်၊ ဩဂုတ် ၂၇
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာပြီး ဒေသတွင်း ပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုစီးပွား ဘဝများကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှု ကျူးလွန်သူများအား ရှာဖွေဖော်ထုတ် တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် ဖမ်းဆီး အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမှုတုံ ရပ်ကွက်အတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူများ ရောက်ရှိနေထိုင်လျက် ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့များက အဆိုပါရပ်ကွက်အတွင်းရှိ နေအိမ်များအား စုံစမ်းရှာဖွေ ဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် ကောင်းမှုတုံရပ်ကွက်၊ ဟိုနားနယ်မြေ၊ မြို့ရှောင်လမ်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်သူ တရုတ် နိုင်ငံသား အမျိုးသား ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၅ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၃၁ ဦးတို့အား ဖုန်းမျိုးစုံ ၄၂၂ လုံး၊ All In One ကွန်ပျူတာ ၁၈ လုံး၊ Desktop ကွန်ပျူတာ ၂၀ လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ Star Link ၂ လုံး၊ Wifi စက် ၂ လုံး၊ တရုတ်ငွေ ၂၄၅၀၀ ယွမ်၊ Lexus အမျိုးအစားမော်တော်ယာဉ် ၁ စီး၊ Crown အမျိုးအစား မော်တော်ယာဉ် ၂ စီး၊ ဆိုင်ကယ်မျိုးစုံ ၃ စီး၊ ဆက်စပ်ပစ္စည်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#MNP #News




No comments:
Post a Comment