ငလျင်လှုတ်ပြီးချိန် အိမ်ပြန်တဲ့ဝန်ထမ်းတွေ အလုပ်ပြုတ်သွားနိုင်တယ်ပြောတဲ့ ဗီဒီယိုဖိုင် ပလူပျံသွား - Myanmar National Post

Myanmar National Post

News Agency

Breaking

ငလျင်လှုတ်ပြီးချိန် အိမ်ပြန်တဲ့ဝန်ထမ်းတွေ အလုပ်ပြုတ်သွားနိုင်တယ်ပြောတဲ့ ဗီဒီယိုဖိုင် ပလူပျံသွား


ဩဂုတ် - ၁၂ ( ဗုဒ္ဓဟူးနေ့ ) 

အသက်အန္တရာယ်စိုးရိမ်ရတဲ့ ငလျင်လှုပ်ခတ်နေချိန်မှာ လုပ်ငန်းခွင်ကနေ ထွက်သွားရင် အရေးယူခံရနိုင်တယ်လို့ ကိုလံဘီယာနိုင်ငံရှိ ရုံးခွဲတစ်ခုက မန်နေဂျာတစ်ဦးက ဝန်ထမ်းတွေကို သတိပေးနေတဲ့ ရုပ်သံ ထွက်ပေါ်လာပြီးနောက် အမေရိကန် ကျန်းမာရေးစောင့်ရှောက်မှု ကုမ္ပဏီတစ်ခု ဝေဖန်မှုပြင်းထန်စွာ ခံနေရပါတယ်။

ပြင်းအား ၇.၄ ရှိတဲ့ အဆိုပါ ငလျင်ဟာ တနင်္လာနေ့က ကိုလံဘီယာနိုင်ငံ အနောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး လူ ၂၀၀ ထက်မက သေဆုံးကာ ထောင်ပေါင်းများစွာ ပျောက်ဆုံးနေပါတယ်။ မြို့တော်တော်များများမှာ အဆောက်အအုံတွေ ပြိုကျပြီး အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့တာကြောင့် အစိုးရက အမျိုးသားအဆင့် ဘေးအန္တရာယ်အဖြစ် ကြေညာခဲ့ရပါတယ်။

ဖလော်ရီဒါအခြေစိုက် ဘလက်စတုန်းဆေးဝါးဝန်ဆောင်မှုကုမ္ပဏီရဲ့ မက်ဒလင်းမြို့ ရုံးခွဲက ရုပ်သံတစ်ခုက အွန်းလိုင်းပေါ်မှာ ပလူပျံ သွားပါတယ်။ ဒေသတွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ ဂျက်မူးနို့ဇ် လို့ အမည်ဖော်ပြကြတဲ့ မန်နေဂျာတစ်ဦးဟာ ငလျင်လှုပ်ပြီး မကြာမီမှာ ဝန်ထမ်းတွေကို ပြောဆိုနေတာကို တွေ့ရပါတယ်။

"အိမ်ပြန်ကြဖို့ ငါ အမိန့်ပေးမှာ မဟုတ်ဘူး။ ပြန်ချင်တဲ့သူ ပြန်လို့ရတယ်။ ဒါပေမဲ့ ဒီနေ့ ဘာမှဖြစ်မလာရင်တော့ လုပ်ငန်းခွင် စွန့်ခွာမှုနဲ့ မင်းတို့ တာဝန်ယူရလိမ့်မယ်" လို့ မူးနို့ဇ် ပြောဆိုနေတာကို ကြားရပါတယ်။

အဲဒီ ရုပ်သံထွက်လာပြီးတဲ့နောက်မှာတော့ ကုမ္ပဏီက ဝန်ထမ်းတွေအပေါ် မတရားပြုမူတယ်ဆိုပြီး အွန်လိုင်းမှာ ဝေဖန်မှုတွေ ပလူပျံသွားခဲ့သလို ကုမ္ပဏီရဲ့ ဂူဂဲလ်ပရိုဖိုင် မှာလည်း ဝေဖန်ရေးသားချက်တွေ တပြုံတခေါင်း ဝင်ရောက်ရေးသားခဲ့ကြတယ်လို့ La Razon သတင်းစာက ဖော်ပြပါတယ်။

ဒီပြဿနာဟာ ကိုလံဘီယာ နိုင်ငံရေးသမားတွေရဲ့ အာရုံစိုက်မှုကိုပါ ရရှိခဲ့ပါတယ်။ အလုပ်သမားဝန်ကြီးဟောင်း အန်တိုနီယို ဆန်ဂီနို က ဖြစ်စဉ်အကြောင်း ထုတ်ဖော်ပြောဆိုခဲ့တဲ့ ဝန်ထမ်းတွေဟာ ဝန်ထမ်းစည်းကမ်းအရ အရေးယူခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုကာ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ချက်ချင်း အရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။

"ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားလို့ မရဘူး" လို့ ဆန်ဂီနိုက ၎င်းရဲ့ အိတ်ဆိုရှယ်မီဒီယာအကောင့်မှာ ရေးတင်ခဲ့ပါတယ်။ ဝန်ထမ်းတွေကို ကူညီပေးဖို့ အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

ဘလက်စတုန်း ရဲ့ ပူးတွဲတည်ထောင်သူနဲ့ စီအီးအို ဖြစ်သူ ဗစ် တစ်ပ်နက်စ် ကတော့ ကုမ္ပဏီအပေါ် ဝေဖန်မှုတွေကို ပြန်လည်ခြေပခဲ့ပါတယ်။ မက်ဒလင်းမြို့မှာ ငလျင်လှုပ်ခဲ့တာဟာ မနက် ၇ နာရီခွဲဝန်းကျင်မှာ ဖြစ်ပြီး ကုမ္ပဏီ ပုံမှန်ဖွင့်ချိန် မနက် ၉ နာရီ မတိုင်ခင် ဖြစ်တာကြောင့် ငလျင်လှုပ်တဲ့အချိန်မှာ ဝန်ထမ်း ၉၀ ရာခိုင်နှုန်းလောက်ဟာ ရုံးမှာ မရှိကြသေးဘူးလို့ သူက ပြောပါတယ်။ တစ်ပ်နက်စ် ရဲ့ ပြောကြားချက်အရ အဲဒီအချိန် ရုံးမှာရှိနေတဲ့ ဝန်ထမ်းတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့သလို ဝန်ထမ်းတွေ အလုပ်ပြန်မဝင်ခင် အဆောက်အအုံကိုလည်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဘလက်စတုန်းဆေးဝါးဝန်ဆောင်မှု ဆိုတာ ဖလော်ရီဒါပြည်နယ်၊ တမ်ပါမြို့မှာ ရုံးစိုက်ထားတဲ့ အမေရိကန် ကျန်းမာရေးစောင့်ရှောက်မှု ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အိပ်ပျော်စဉ် အသက်ရှူရပ် ရောဂါ ကို အိမ်မှာတင် စစ်ဆေးပေးတဲ့ ဝန်ဆောင်မှုကို အဓိက သီးသန့် လုပ်ကိုင်ပါတယ်။ ကိုလံဘီယာနိုင်ငံရှိ ရုံးခွဲကတော့ အမေရိကန်ပြည်ထောင်စုက လုပ်ငန်းအဖွဲ့တွေအတွက် သုံးစွဲသူဝန်ဆောင်မှု၊ အရောင်း၊ ပို့ဆောင်ရေး၊ ဆေးဝါးဆိုင်ရာ ခွင့်ပြုချက်များနှင့် ကြွေးမြီကောက်ခံခြင်း အပါအဝင် ဆေးဝါးနဲ့ ရုံးပိုင်းဆိုင်ရာ အထောက်အကူပြု ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။


Ref: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)