ညောင်တုန်း တာဘောင်အိပဲ့ကျိုးပေါက်မှု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကွင်းဆင်းစစ်ဆေး၊ ရေဝင်ရောက်မှုထိန်းချုပ်ရေးနှင့် တာဘောင်ခိုင်ခံ့ရေး အသေးစိတ်ညွှန်ကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်တုန်း တာဘောင်အိပဲ့ကျိုးပေါက်မှု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကွင်းဆင်းစစ်ဆေး၊ ရေဝင်ရောက်မှုထိန်းချုပ်ရေးနှင့် တာဘောင်ခိုင်ခံ့ရေး အသေးစိတ်ညွှန်ကြား





ညောင်တုန်း၊ ဩဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၌ တာဘောင်အိပဲ့ကျိုးပေါက်မှုကြောင့် ရေဝင်ရောက်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည့်အခြေအနေကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဩဂုတ် ၂၉ ရက် နံနက်ပိုင်းတွင် ကိုယ်တိုင်ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို အသေးစိတ်ညွှန်ကြားခဲ့သည်။

နိုင်ငံတော်သမ္မတသည် တာဘောင်အိပဲ့ကျိုးပေါက်ခဲ့သည့်နေရာ၊ ရေဝင်ရောက်နေမှုနှင့် တာဘောင်ပြန်လည်ပြုပြင်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဒေသခံပြည်သူများ၊ နေအိမ်များနှင့် စိုက်ပျိုးမြေများအပေါ် ထိခိုက်နိုင်မှု အခြေအနေများအပြင် တာဘောင် ပြန်လည်ပြုပြင်ရေး ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများထံ မေးမြန်းခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် တာဘောင်များ ရေရှည်ခိုင်ခံ့စေရေးကို အလေးထားဆောင်ရွက်ရန်၊ တာဘောင်၏ ခံနိုင်ရည်နှင့် ရေစီးရေလာအခြေအနေများကို စနစ်တကျတွက်ချက်၍ လိုအပ်သည့်နေရာများတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရန်နှင့် အလားတူဖြစ်စဉ်များ ထပ်မံမဖြစ်ပေါ်စေရေး အားနည်းချက်ရှိသည့်နေရာများကို စစ်ဆေးဖော်ထုတ်၍ ပြင်ဆင်ဖြည့်ဆည်းထားရန် မှာကြားခဲ့သည်။

ထိုပြင် ရေဝင်ရောက်နေသည့်နေရာများ၌ ရေကို အမြန်ဆုံးပြန်လည်ထုတ်ယူနိုင်ရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် လိုအပ်သည့် ရေထုတ်မြောင်းများ၊ ရေထုတ်စနစ်များကို ထိရောက်စွာ အသုံးချနိုင်ရေး ဆောင်ရွက်ရန်၊ စိုက်ပျိုးမြေများအတွင်း ရေဝင်ရောက်မှုကြောင့် သီးနှံများထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးကိုလည်း အလေးထားဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

တာဘောင်ပြုပြင်ရာတွင်လည်း လက်ရှိအခြေအနေကိုသာ ဖြေရှင်းခြင်းမဟုတ်ဘဲ နောင်တွင် ရေမြင့်တက်လာသည့်အခြေအနေများကိုပါ ခံနိုင်ရည်ရှိစေရေး ထည့်သွင်းတွက်ချက်ကာ စနစ်တကျ ပြန်လည်တည်ဆောက်ပြုပြင်သွားရန်နှင့် လိုအပ်သည့် စက်ယန္တရား၊ လူအင်အားနှင့် ပစ္စည်းများကို စနစ်တကျစုစည်းအသုံးပြု၍ လုပ်ငန်းများ အမြန်ပြီးစီးရေး ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထိုပြင် နိုင်ငံတော်သမ္မတက နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဉ်ကို သင်ခန်းစာယူ၍ ရာသီဥတုပြောင်းလဲမှု (Climate Change) ၏ အကျိုးဆက်များကို ထည့်သွင်းစဉ်းစားကာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ ဒေသ၏ ယခင်ရေကြီးရေလျှံမှုနှင့် မြစ်ရေအခြေအနေ သမိုင်းကြောင်းများကိုလည်း ဒေသခံရပ်မိရပ်ဖများအား မေးမြန်းခဲ့ပြီး ရေစီးရေလာကောင်းမွန်စေရေးအတွက် လိုအပ်သည့် မြစ်ကြောင်းများကို သောင်တူးဖော်ရှင်းလင်းရန် မှာကြားခဲ့သည်။ ယင်းနောက် တာဘောင်ပြုပြင်ရေးနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲများနှင့် လုပ်အားပေးများအား အသိအမှတ်ပြုဂုဏ်ပြု၍ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ယင်းအပြင် ရေကြီးရေလျှံမှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ်၊ စိုက်ပျိုးရေးနှင့် လူမှုစီးပွားဘဝ ထိခိုက်မှုများကို စနစ်တကျစစ်တမ်းကောက်ယူရန်၊ လိုအပ်သည့် ကူညီကယ်ဆယ်ထောက်ပံ့မှုများ အချိန်မီပေးအပ်နိုင်ရေးနှင့် ပြည်သူများ၏ နေထိုင်စားသောက်ရေး အခက်အခဲမရှိစေရေး သက်ဆိုင်ရာဌာနများက ပေါင်းစပ်ဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတက အသေးစိတ်မှာကြားခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)