နေပြည်တော်၊ ဩဂုတ် ၂၀
ကမ္ဘာလုံးဆိုင်ရာ လူမှုစီးပွားနယ်ပယ်နှင့် အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ပပျောက်စေရေးအတွက် အွန်လိုင်းလိမ်လည်မှုနှင့် နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် အင်တိုက်အားတိုက် ဆောင်ရွက် လျက်ရှိရာ အထူးသဖြင့် နယ်စပ်ဒေသများတွင်အခြေပြုပြီး လုပ်ကိုင်နေမှုများကို ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် တိုက်ဖျက်နေသကဲ့သို့ ပြည်တွင်း၌ ကျူးလွန်နေသူများကိုလည်း ပြင်းပြင်းထန်ထန် ဖမ်းဆီးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။ . ထိုသို့ အရှိန်အဟုန်ဖြင့် တက်ကြွစွာ ဆောင်ရွက်လျက်ရှိရာ တပ်မတော်စစ်ကြောင်းများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ ၂၃ ဦးအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ အောင်မြင်စွာဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးသီးမြို့နယ်အတွင်း အွန်လိုင်းလိမ်လည်လောင်း ကစားမှု ပြုလုပ်သူများသည် ယာယီလူနေတဲများဆောက်လုပ်၍ အခြေပြုခိုအောင်း လုပ်ကိုင်လျက်ရှိကြောင်း တာဝန်သိ ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ နယ်မြေလုံခြုံရေးဆောင်ရွက်နေသ တပ်မတော်စစ်ကြောင်းများက သတင်းကွင်းဆက် ရယူဖော်ထုတ်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို အဆင့်ဆင့် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ကျေးသီးမြို့နယ်၊ ဝမ်ဖွန်းကျေးရွာ၏ မြောက်ဘက် မီတာ ၉၉၀၀ ခန့်အကွာ၊ ပုံလုံကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၉၀၀ ခန့်အကွာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသား ၁၀ ဦး တို့အား အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အလျား ၄၀ ပေ၊ အနံ ၂၀ ပေ ယာယီလူနေမိုးကာတဲ ၁ လုံး၊ အလျား ၆၀ ပေ၊ အနံ ၂၀ ပေ၊ ယာယီလူနေမိုးကာတဲ ၁ လုံး၊ အလျား ၅၀ ပေ၊ အနံ ၁၀ ပေ၊ ယာယီအလုပ်ရုံမိုးကာတဲ ၁ လုံး၊ အလျား ၄၀ ပေ၊ အနံ ၂၀ ပေ၊ ယာယီစားချက်ဆောင်မိုးကာတဲ ၁ လုံး၊ Star Link ၄ စုံ၊ ဖုန်းမျိုးစုံ ၂၆ လုံး၊ Tablet ၂ လုံး၊ Laptop ၁ လုံး၊ Network လိုင်းခွဲ Box ၈ ခု၊ Wifi စက် ၁၂ ခု၊ ငွေဖြတ်စက် ၄ လုံး၊ မီးစက်(အကြီး) ၁ လုံး၊ ရေခဲသေတ္တာ ၂ လုံး၊ ဆက်စပ် ပစ္စည်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက အဆိုပါဝန်းကျင်တစ်ဝိုက် အွန်လိုင်းလိမ်လည် လောင်းကစားမှု လုပ်ငန်းများ လုပ်ကိုင်နေခြင်း မရှိစေရေး နယ်မြေလုံခြုံရေးလုပ်ငန်းများ စနစ်တကျ ဆက်လက်ဆောင်ရွက်ခဲ့ရာ ပုံလုံကျေးရွာ၏ အနောက်မြောက် ဘက် မီတာ ၃၀၀၀ ခန့်တွင် အွန်လိုင်း လိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသား ၆ ဦး အား လည်းကောင်း၊ ပုံလုံကျေးရွာ၏ မြောက်ဘက် မီတာ ၃၉၀၀ ခန့်တွင် အွန်လိုင်း လိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော တရုတ်နိုင်ငံသား အမျိုးသား ၇ ဦးတို့အားလည်းကောင်း အသီးသီး ထပ်မံဖမ်းဆီးရရှိခဲ့ပြီး စုစုပေါင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၂၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။
ထိုသို့ ဖမ်းဆီးရမိခဲ့သည့် အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများအား စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့်လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် တရားမဝင် ဆောက်လုပ် ထားသည့် လူနေတဲများနှင့် လုပ်ငန်းသုံးတဲများကိုလည်း စနစ်တကျဖြိုချ ဖျက်ဆီးသွားမည် ဖြစ်ကြောင်းနှင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုများ အခြေချလုပ်ကိုင်နိုင်ခြင်းမရှိစေရေးနှင့် အပြီးတိုင် ပပျောက်စေရေးတို့အတွက် . အမြစ်ပြတ် တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မပြတ် အထူးအလေးထား၍ တက်ကြွစွာဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#News #Myanmar






No comments:
Post a Comment