ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၁/၂၀၂၆) သို့ တက်ရောက်အမှာစကားပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၁/၂၀၂၆) သို့ တက်ရောက်အမှာစကားပြောကြား




နေပြည်တော်၊ သြဂုတ် ၂၀

မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက် အမှာစကားပြောကြား သည်။

အစည်းအဝေးသို့ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ်ဥက္ကဋ္ဌ ဦးသိန်းဟန်သူ၊ ကော်မတီဝင် အမျိုးသမီးရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ လူမှုရေးရာဝန်ကြီးများနှင့် တာဝန်ရှိသူများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အမှာစကားပြောကြားရာတွင် မသန်စွမ်းသူများသည် လူ့အဖွဲ့အစည်း၏ အရေးပါသည့် အစိတ်အပိုင်းဖြစ်ပြီး အများနှင့်နည်းတူ တူညီ သည့် အခွင့်အရေးများ ရရှိခံစားပိုင်ခွင့်ရှိအောင် ဖော်ဆောင်ပေးရန်လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော် အစိုးရအနေဖြင့် မသန်စွမ်းသူများအတွက် လိုအပ်သည့် ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒများကို အပြည့်အဝအကောင်အထည်ဖော်ပြီး ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်နှင့် သွားလာရေး အခွင့် အလမ်းများ တူညီစွာဖန်တီးပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းမှုအမျိုးအစား အလိုက် ကွဲပြားနေသည့် မသန်စွမ်းသူများနှင့် ၎င်းတို့ကိုပြုစုစောင့်ရှောက်ပေးနေကြသည့် မိဘ ဆွေမျိုးများ သိရှိထားသင့်သည့် အချက်အလက်များနှင့် အကူအညီရယူရန် လိုအပ်သည့် အချက် အလက်များကို စိစစ်ဖော်ထုတ်ပြီး လူထုကိုမျှဝေနိုင်ရန် အမျိုးသားကော်မတီကတစ်ဆင့် ဆောင်ရွက်ကြရန် မှာကြားလိုကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် မသန်စွမ်းသူများအပေါ် လှောင်ပြောင်သရော်မှုပပျောက်စေရန်နှင့် လူ့အခွင့်အရေးအပေါ်အခြေခံသည့် အမြင်ပျံ့နှံ့စေရန်ကိုလည်း ကြိုးစားဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း၊ မသန်စွမ်းသူများဆိုင်ရာအရေးကိစ္စများကို ဆောင်ရွက်ရာတွင် လွယ်ကူစွာ သွားလာနေထိုင် အသုံးပြုနိုင်ရေးသည် အရေးကြီးပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများ၊ စည်ပင်သာယာရေး ကော်မတီ များအနေဖြင့် Myanmar National Building Code နှင့်အညီ သတ်မှတ်ဘတ်ဂျက်ခွင့်ပြုငွေအတွင်း ဦးစားပေး ကဏ္ဍများ သတ်မှတ်ဖော်ထုတ် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ မသန်စွမ်းသူများ ပညာသင်ယူ နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ဌာနပိုင်ကျောင်း (၉)ကျောင်း ဖွင့်လှစ်ထားရှိပြီး စနစ်တကျ ပြုစုစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း၊ မိမိတို့အစိုးရ၏ ရက် (၁၀၀) အတွင်း နေပြည်တော် ဥတ္တရသီရိမြို့နယ်၌ မသန်စွမ်း သက်ငယ်သင်တန်းကျောင်း (၁) ကျောင်းကို ထပ်မံဖွင့်လှစ်ပေးခဲ့ပြီး မသန်စွမ်း ကလေးငယ်များကို စတင်စောင့်ရှောက်ပေးနေပြီဖြစ်ကြောင်း။

မသန်စွမ်းသူများ မှီခိုမှုအနည်းဆုံးဖြင့် ရှင်သန်ရပ်တည်နိုင်ရန် ပညာသင်ယူမှုအပါအဝင် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးချိန်တွင် လက်တွေ့လုပ်ငန်းခွင်ထဲ ဝင်ရောက်နိုင်ရန် နိုင်ငံတော်နှင့်အတူ ပုဂ္ဂလိက ကဏ္ဍကပါ ပူးပေါင်း ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ မတူညီသည့်မသန်စွမ်းမှုများအလိုက် သာလွန်စွမ်းဆောင်နိုင်မှုအရ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရန် အလေးထားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မသန်စွမ်းသူများကို စီးပွားရေးလုပ်ငန်းအပြင် လူမှုအသိုက်အဝန်း၊ ယဉ်ကျေးမှု၊ အားကစားနှင့် အနုပညာနယ်ပယ်များတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

ကျန်းမာရေးကဏ္ဍအနေဖြင့် မသန်စွမ်းသူများကို ဆေးရုံဆေးခန်းများတွင် တန်းစီစောင့်ဆိုင်းစရာ မလိုဘဲပြသနိုင်ရန်နှင့် ဦးစားပေးအစီအစဉ်ဖြင့်ကုသပေးရန်၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဓာတ်ခွဲစမ်းသပ်မှုများ၊ ပုံရိပ်ဖော်နည်းပညာဖြင့် ရောဂါရှာဖွေသည့်အခါတွင် ဦးစားပေးအုပ်စုအနေဖြင့် အခမဲ့ ဆောင်ရွက်ပေးရန် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ မသန်စွမ်းသူများသည် သဘာဝဘေးနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ ပိုမိုထိခိုက်ခံစားရနိုင်ခြေ မြင့်မားသူများဖြစ်ကြသောကြောင့် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းစဉ်များတွင် မသန်စွမ်းသူများအတွက် ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရန် လိုကြောင်း။ 

မသန်စွမ်းသူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရန်အတွက် အကောင်အထည် ဖော်ဆောင်ရွက်ကြရာတွင် ပြည်ထောင်စုအစိုးရနှင့်အတူ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူ များက တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင်မသန်စွမ်းသူများ၏ အခွင့်အရေး ကို အားပေးခြင်းသည် လူမှုတရားမျှတမှုအတွက် အခြေခံတာဝန်အဖြစ်မှတ်ယူပြီး နိုင်ငံတော်၏ ဦးဆောင် မှုတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ယနေ့အစည်းအဝေးတွင် မသန်စွမ်းသူများအတွက် ထိရောက်အကျိုးရှိစေမည့် အကြံပြုချက်များကိုဆွေးနွေးပေးကြရန် တိုက်တွန်းလိုကြောင်းပြောကြားသည်။

ထို့နောက် အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မသန်စွမ်းသူများ၏ အခွင့်အရေး ဆိုင်ရာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ အမျိုးသား ကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီးမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက မသန်စွမ်းသူများ၏ အခွင့် အရေးများ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို လည်းကောင်း၊ ကော်မတီဝင် မသန်းစွမ်းကိုယ်စားလှယ်များက ဆောင်ရွက်ပေးစေလိုသည့်အချက်များကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေး၍ နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)