ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့သွားရောက်ကြည့်ရှုလေ့လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Grodno Azot ဓာတ်မြေဩဇာစက်ရုံသို့သွားရောက်ကြည့်ရှုလေ့လာ







နေပြည်တော်၊ ဩဂုတ်  ၂၀

ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့၌တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီ တွင် မင့်စ်မြို့မှ Grodno မြို့ရှိGrodno Azot ဓာတ်မြေဩဇာစက်ရုံသို့ ရဟတ်ယာဉ်များဖြင့် သွားရောက်ကြည့်ရှုလေ့လာကြသည်။

ဦးစွာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် မင့်စ်မြို့မှ ရဟတ်ယာဉ်များဖြင့်ထွက်ခွာခဲ့ကြပြီး မင့်စ်မြို့မှ Grodno မြို့သို့ သွားရာလမ်းတစ်လျှောက် ဘယ်လာရုစ်နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ လမ်းပန်းဆက်သွယ်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုနှင့် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်လျက်ရှိမှု အခြေအနေများကို ရဟတ်ယာဉ်ပေါ်မှနေ၍ ကြည့်ရှုလေ့လာကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် Grodno မြို့လေဆိပ်သို့ ရောက်ရှိကြရာ Grodno ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Yuri Khadzhimuratovich နှင့် အစိုးရအဖွဲ့မှ တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် Grodno မြို့လေဆိပ်မှ Grodna Azot ဓာတ်မြေဩဇာစက်ရုံသို့ မော်တော် ယာဉ်များဖြင့် ဆက်လက်ထွက်ခွာခဲ့ကြပြီး ဓာတ်မြေဩဇာစက်ရုံသို့ ရောက်ရှိကြရာ စက်ရုံအထွေထွေ အတွင်းရေးမှူးချုပ် Mr. Lyashenko Igor Vasilyevich နှင့်တာဝန်ရှိသူများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် စက်ရုံဧည့်ခန်းမ၌ Grodno ပြည်နယ် အကြီးအကဲက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက်ရောက်ကြသည်။ နေ့လယ်စာ စားပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် Grodno ပြည်နယ်အကြီးအကဲတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြ သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များအား စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံအထွေထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများက စက်ရုံ၏သမိုင်းကြောင်း၊ စက်ရုံလုပ်ငန်း ဆောင်ရွက်လျက်ရှိမှု၊ လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှု သင်တန်းများ သင်ကြားပေးနိုင်မှု၊ နှစ်အလိုက် ဓာတ်မြေဩများထုတ်လုပ်နိုင်မှု၊ စက်ရုံမှ ဘယ်လာရုစ်နိုင်ငံ၏ ပြည်တွင်းစားနပ် ရိက္ခာဖူလုံရေး စိုက်ပျိုးရေးလုပ်ငန်းများအတွက်လိုအပ်လျက်ရှိသော ဓာတ်မြေဩဇာများထုတ်လုပ်လျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချလျက်ရှိမှု၊ ဓာတ်မြေဩဇာစက်ရုံမှ အခြားထုတ်ကုန် ပစ္စည်းများကိုလည်း ထုတ်လုပ်လျက်ရှိမှု၊ ဈေးကွက်လိုအပ်ချက်ရှိသည့် နိုင်လွန်ကြိုးနှင့် အခြားဆက်စပ် ပစ္စည်းများကိုထုတ်လုပ်လျက်ရှိမှု၊ ဈေးကွက်သို့ ဖြန့်ခွဲရောင်းချလျက်ရှိမှုနှင့် မြန်မာ နိုင်ငံသို့ ဓာတ်မြေဩဇာများတင်ပို့နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိမှု၊ အခြေအနေများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေး ပြောကြားသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် စက်ရုံဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် စက်ရုံပြခန်းအတွင်း ပြသထားရှိသည့် ဓာတ်မြေဩဇာစက်ရုံ ပုံစံငယ်အားကြည့်ရှုပြီး စက်ရုံအထွေထွေ အတွင်းရေးမှူးချုပ်က နိုင်ငံတော် သမ္မတထံ Grodna Azot ဓာတ်မြေဩစက်ရုံအမှတ်တံဆိပ် လက်ဆောင်အားပေးအပ်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် စက်ရုံအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် Grodno မြို့လေဆိပ်မှ ပြန်လည် ထွက်ခွာကြရာ Grodno ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီး လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ Grodno Azot ဓာတ်မြေဩဇာစက်ရုံသည် ဘယ်လာရုစ်နိုင်ငံ၊ ဂရော့ဒ်နိုမြို့ (Grodno) တွင်တည်ရှိပြီး ၁၉၆၃ ခုနှစ်ကတည်းက စတင်လည်ပတ်ခဲ့သော ဥရောပတိုက်၏ အကြီးဆုံး နိုက်ထရိုဂျင်အခြေခံ ဓာတ်မြေဩဇာနှင့် ဓာတုပစ္စည်းထုတ်လုပ်ရေး နိုင်ငံပိုင်စက်ရုံကြီးတစ်ခု ဖြစ်ကြောင်း၊ အဆိုပါစက်ရုံသည် အမိုးနီးယား (Ammonia)၊ ယူရီးယား (Urea) နှင့် နိုက်ထရိုဂျင် ဓာတ်မြေဩဇာ အမျိုးမျိုးကို အဓိကထုတ်လုပ်ပြီး ပြည်တွင်းစိုက်ပျိုးရေးကဏ္ဍကို ပံ့ပိုးပေးနေသည့် အပြင် ကမ္ဘာ့နိုင်ငံပေါင်းများစွာသို့လည်း တင်ပို့နေသည့် ဘယ်လာရုစ်နိုင်ငံ၏ စီးပွားရေးဆိုင်ရာ အရေးပါသော စက်ရုံကြီးတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)