နေပြည်တော်၊ ဇူလိုင် ၂၀
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၉) ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (9th Thailand- Myanmar High Level Committee Meeting) ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Chatrium Grand Hotel ရှိ Grand Ballroom ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် General Ukris Boontanondha နှင့်အတူ ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းဘုရင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha တို့သည် အဖွင့်အမှာစကားများ အသီးသီးပြောကြားကြသည်။
ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခု အစည်းအဝေးသည် မိမိတို့ တပ်မတော်နှစ်ရပ်ကြား အမြင့်ဆုံးအဆင့် ပူးပေါင်းဆောင်ရွက်မှု ယန္တရား တစ်ခုဖြစ်ပြီးမိမိတို့၏ ချစ်ကြည်ရေးနှင့် နီးကပ်သောဆက်ဆံရေးကို လက်တွေ့ကျကျ ခိုင်မာစေရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းထားရန်၊ နှစ်နိုင်ငံပြည်သူများ ပိုမိုကောင်းမွန်သော လူနေမှုဘဝ၊ သာယာဝပြောမှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ခံစားရရှိစေရန်ဟူသော တူညီသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့တပ်မတော်နှစ်ရပ်ကြားရှိနီးကပ်သော ဆက်ဆံရေးသည် နားလည်မှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် စိန်ခေါ်မှုများနှင့် အခက်အခဲမှန်သမျှကို အတူတကွ ကျော်လွှားနိုင်လိမ့်မည်ဟု ခိုင်မာစွာ ယုံကြည်ပါကြောင်း။
မိမိတို့ တပ်မတော်နှစ်ရပ်၏ ခိုင်မာသော ကတိကဝတ် နှင့် သန္နိဋ္ဌာန်တို့ဖြင့် ယနေ့ အစည်းအဝေးသည် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်ပြီး အတူတကွ သတ်မှတ်ထားသော ရည်မှန်းချက်များ အားလုံးကို အပြည့်အဝ အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုအစည်းအဝေးသို့ တင်ပြခဲ့သည့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာရေးဆိုင်ရာ လက်တွေ့ကျသောစီမံဆောင်ရွက်ချက်များသည် လုံခြုံရေး၊ ဘေးကင်းရေးနှင့် အပြန်အလှန် နားလည်မှုတို့ကို အထောက်အကူ ပြုမည်ဖြစ်ပြီး ထိုမှတစ်ဆင့် အနာဂတ်တွင် နယ်ပယ်အသီးသီး၌ ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများဆီသို့ ဦးတည်သွားမည်ဟု မျှော်လင့်ပါကြောင်း၊ မိမိတို့ နှစ်နိုင်ငံနှင့် ပြည်သူများ၏ လုံခြုံရေးနှင့် သာယာဝပြောရေးအတွက် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်းများထားရှိခဲ့သော ကတိကဝတ်များကို ထိန်းသိမ်းစောင့်ရှောက်သွားမည်ဟု ထပ်လောင်း အတည်ပြုပါကြောင်း၊ ဤကတိကဝတ်များသည် ဆက်လက် တည်တံ့နေမည်ဖြစ်ပြီး မိမိတို့ တပ်မတော် နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းကာ ဆက်ဆံရေးကို ပိုမိုနီးကပ်ပြီး ရေရှည်တည်တံ့ခိုင်မြဲ အောင်ရှေ့ဆက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းဖြင့်ပြောကြားသည်။
ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် HLC အစည်းအဝေးအား နယ်စပ်ဒေသရှိတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်၊ နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ရာတွင် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် လမ်းညွှန်ချက်များချမှတ်ရန်၊ ဒေသအဆင့် နယ်ခြားကော်မတီ (RBC) နှင့် မြို့နယ်အဆင့် နယ်ခြားကော်မတီ (TBC) တို့၏ လုပ်ငန်းဆောင်ရွက်မှုများ ဆက်လက်ဆောင်ရွက်နိုင်ရေး အတွက် ညှိနှိုင်းတိုင်ပင်ရန်၊ မြန်မာ-ထိုင်းနယ်စပ်ဒေသတွင် နေထိုင်သည့် နှစ်နိုင်ငံပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်နှင့် တိုးတက်အောင်ဆောင်ရွက်ရန်၊ မြန်မာ-ထိုင်း နယ်စပ်ရှိ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားစိန်ခေါ်မှုများကို ဖြေရှင်းရေးအတွက် လိုအပ်သည်များ စီစဉ်ဆောင်ရွက်ရန် အစရှိသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ မိမိတို့တပ်မတော် နှစ်ရပ်အကြားတွင် ပူးပေါင်းဆောင်ရွက်မှုများနှင့် အပြန်အလှန် နားလည်ယုံကြည်မှုများကို ပိုမိုတိုးမြှင့် တည်ဆောက်ရန်အတွက် အစည်းအဝေးများကို ပုံမှန်ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ယခုနှစ်တွင် ကျင်းပ ပြုလုပ်သည့် (၃၈) ကြိမ်မြောက် ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး (38th RBC) ကို ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၁ ရက်အထိ ကျိုင်းတုံမြို့၌ မြန်မာဘက်မှ အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ခဲ့ ကြောင်း၊ ထို့အပြင် ရေတပ်နှင့် လေတပ်ပိုင်းဆိုင်ရာများတွင်လည်း ပုံမှန်တွေ့ဆုံဆွေးနွေးမှုများ၊ အစည်းအဝေးများနှင့် အပြန်အလှန် အလည်အပတ်ခရီးစဉ်များ ပြုလုပ်လျက်ရှိပြီး တပ်မတော်နှစ်ရပ် အကြား ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ကြောင်း။
ယခုကျင်းပသည့် တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများကော်မတီ အစည်းအဝေးမ တစ်ဆင့်လည်း မိမိတို့တပ်မတော်နှစ်ရပ်အကြား အပြန်အလှန် နားလည်ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ပိုမိုခိုင်မာ အားကောင်းလာစေရန် တည်ဆောက်နိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်း၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကို ကောင်းမွန် သည်ထက် ကောင်းမွန်အောင် မိမိအနေဖြင့် ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း။
HLC အစည်းအဝေးသည် နှစ်နိုင်ငံပြည်သူလူထု၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်း စေမည့်ကိစ္စရပ်များကို မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား ပွင့်လင်းမြင်သာစွာ ဆွေးနွေးနိုင်သော အစည်းအဝေး ဖြစ်ကြောင်း၊ ယခုအစည်းအဝေးမှတစ်ဆင့် နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပုံဖော်ဖန်တီးရာတွင် တန်ဖိုးမဖြတ်နိုင်သည့် အကျိုးကျေးဇူးများကို ဖော်ဆောင် ပေးနိုင်မည်ဟု အခိုင်အမာ ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် (၃၈)ကြိမ်မြောက် ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေး ရလဒ်များအား ထိုင်းဘုရင့်တပ်မတော်အမှတ် (၃) ဒုတိယစစ်တိုင်းဒေသမှူး Major General Narongrit Panigabutr ကလည်းကောင်း၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များနှင့် ပူးတွဲ အတွင်းရေးမှူးအဖွဲ့ အစည်းအဝေး (JSM) အစည်းဝေးတွင် အောင်မြင်စွာဆွေးနွေးနိုင်ခဲ့သည့် အကြောင်းအရာများကို HLC ပူးတွဲ အတွင်းရေးမှူး နယ်စပ်ရေးရာညွှန်ကြားရေးမှူချုပ် Lieutenant General Chumphot Nurakkate ကလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ထိုင်း - မြန်မာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး ဥက္ကဋ္ဌများဖြစ်ကြသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာအချက်အလက်များကို အတည်ပြု ဆုံးဖြတ်ပေးကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့သည် အစည်းအဝေးပိတ်ပွဲ မိန့်ခွန်းများအသီးသီးပြောကြားကာ (၉)ကြိမ် မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (9th Thailand- Myanmar High Level Committee Meeting) သဘောတူညီချက်များကို လက်မှတ်ထိုးပြီး အပြန်အလှန်လဲလှယ်ကြသည်။ ထို့နောက် အထိမ်းအမှတ် တံဆိပ်များကို အပြန်အလှန်ပေးအပ်ကြသည်။ ယင်းနောက် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လေတုညစ်ညမ်းမှုတိုင်းတာသည့် စက်ကရိယာ ၂ စုံကိုလွှဲ ပြောင်းပေးအပ်သည်။ ထို့နောက် နှစ်နိုင်ငံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များသည် အစည်းအဝေး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။
(၉)ကြိမ်မြောက် ထိုင်း - မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (9th Thailand-Myanmar High Level Committee Meeting)၏ ပူးတွဲအတွင်းရေးမှူး အဖွဲ့အစည်းအဝေးကို ဘန်ကောက်မြို့၌ ဩဂုတ်လ ၁၆ ရက်မှ ၁၉ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ပြီး ထိုင်း - မြန်မာ တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေးဆိုင်ရာကိစ္စရပ်များ၊ တပ်မတော်နှစ်ရပ်အကြား အစည်းအဝေးများ အပြန်အလှန် ကျင်းပပြုလုပ်ရေး ကိစ္စရပ်များ၊ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုများ၊ ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ၊ စစ်ဘက်ယဉ်ကျေးမှု ဖလှယ်ရေးကိစ္စရပ်များ၊ စစ်ဘက်ဆေးပညာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပေးရေးနှင့် သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ အွန်လိုင်းရာဇဝတ်မှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နှစ်နိုင်ငံ ပြည်သူလူထုအတွက် အကျိုးဖြစ်ထွန်းစေမည့်ကိစ္စရပ်များ၊ ပင်လယ်ရေကြောင်း လုံခြုံမှုနှင့် ဘေးကင်းမှုမြှင့်တင်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာရာကိစ္စရပ်များ၊ နယ်စပ် ဖြတ်ကျော် တောမီးလောင်ကျွမ်းမှုနှင့် မီးခိုးမြူငွေ့တားဆီးကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ ရေကြီးမှုကြိုတင်သတိပေးစနစ်အတွက် အလိုအလျောက် တာဝေးတိုင်းတာရေးစခန်းများဖွင့်လှစ်ရေး၊ နယ်နိမိတ်နှင့်နယ်စပ်မြစ်များ ရေညစ်ညမ်းမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို ဆွေးနွေးနိုင်ခဲ့ကြပြီး (၁၀) ကြိမ်မြောက် မြန်မာ - ထိုင်း အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ၂၀၂၇ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
#News #Myanmar

No comments:
Post a Comment