နေပြည်တော်၊ ဩဂုတ် ၂၀
(၉) ကြိမ်မြောက် ထိုင်း-မြန်မာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (9th Thailand-Myanmar High Level Committee Meeting ) သို့တက်ရောက်ခဲ့သည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ညပိုင်းတွင် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Ukris Boontanondha က ဂုဏ်ပြု ညစာဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်နီလာ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ဝင်းသူလင်းနှင့် ဇနီးတို့ တက်ရောက်ကြပြီး ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး Mrs. Paveena Boontanondha ၊ ထိုင်းဘုရင့်တပ်မတော်မှ အရာရှိကြီးများနှင့်ဇနီးများ တက်ရောက်ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့အား ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နှစ်နိုင်ငံတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များသည် နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားကြသည်။ ယင်းနောက် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ကြရာ ညစာသုံးဆောင်နေစဉ်အတွင်း ထိုင်းဘုရင့် တပ်မတော် ယဉ်ကျေးမှုအဖွဲ့က တေးသီချင်းများ၊ ရိုးရာရုပ်သေးပြဇာတ်များ အကအလှ များဖြင့် သီဆိုကပြဖျော်ဖြေကြသည်။
ညစာသုံးဆောင်အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီးတို့သည် သီဆိုဖျော်ဖြေခဲ့ကြသည့် အနုပညာရှင်များနှင့်အတူ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြု ဆုငွေနှင့် ဂုဏ်ပြုပန်းခြင်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
#News #Myanmar


No comments:
Post a Comment