ဩဂုတ် - ၂၃ ( တနင်္ဂနွေနေ့ )
ရုရှားနဲ့ယူကရိန်းစစ်ပွဲ ပဋိပက္ခဒဏ် အနည်းဆုံး ခံစားရတဲ့ ဒေသတွေကလာတဲ့ ယူကရိန်း စစ်ဘေးရှောင်တွေကို ယာယီနေထိုင်ခွင့် ပါမစ် ထုတ်ပေးတာမျိုး ပိတ်ပင်သွားဖို့ ဒိန်းမတ်နိုင်ငံက စီစဉ်နေတယ်လို့ အီးယူအဖွဲ့ဝင် ဒိန်းမတ်နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး က ပြောကြားလိုက်ပါတယ်။
ဒီကြေညာချက်ဟာ ရုရှားနဲ့ ပဋိပက္ခအတွင်းကနေ ထွက်ပြေးလာသူတွေကို ထောက်ပံ့ကြေးတွေ လျှော့ချဖို့နဲ့ စစ်မှုထမ်းရမယ့် အရွယ် ယူကရိန်းအမျိုးသားတွေကို အကာအကွယ်ပေးထားမှုတွေ ရုပ်သိမ်းဖို့ ဥရောပနိုင်ငံတွေအကြား ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြတဲ့ လုပ်ရပ်တွေရဲ့ နောက်ဆက်တွဲပဲ ဖြစ်ပါတယ်။
ဇွန်လတုန်းကလည်း ကိုပင်ဟေဂင်အစိုးရဟာ စစ်မှုထမ်းကင်းလွတ်ခွင့် တရားဝင် မရရှိထားတဲ့ ယူကရိန်းနိုင်ငံက စစ်မှုထမ်းရမယ့်အရွယ် အမျိုးသားတွေကို ခိုလှုံခွင့် မပေးနိုင်ရေး ဦးတည်ထားတဲ့ ဥပဒေကြမ်းတစ်ခုကို တင်သွင်းခဲ့ပါတယ်။ စနေနေ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တစ်ခုမှာတော့ ဝန်ကြီး က ဒိန်းမတ်နိုင်ငံမှာ ၂၀၂၈ ခုနှစ် မတ်လအထိ နေထိုင်ခွင့်ပြုထားတဲ့ ယူကရိန်းဆိုင်ရာ အထူးဥပဒေကို သက်တမ်းတိုးပေးထားပေမဲ့ စစ်ပွဲအတွင်းကနေ ထွက်ပြေးလာသူတွေအတွက် စည်းမျဉ်းတွေကို ပိုမိုတင်းကြပ်သွားချင်တယ်လို့ ပြောဆိုခဲ့တာပါ။
ဝန်ကြီးရဲ့ အချက်အလက်တွေအရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ မော်စကိုနဲ့ ကိယက်ဗ်တို့အကြား စစ်ပွဲ ပိုမိုပြင်းထန်လာပြီးတဲ့နောက် ဒိန်းမတ်နိုင်ငံဟာ ယူကရိန်း စစ်ဘေးဒုက္ခသည် ၄၇,၆၀၀ အထိ လက်ခံထားခဲ့ပြီး ဖြစ်ပါတယ်။
ဒုက္ခသည် "အမြောက်အမြား" ရောက်ရှိလာတာဟာ သူတို့အတွက် နေစရာအိမ်ရာ ရှာဖွေပေးဖို့နဲ့ လူ့အဖွဲ့အစည်းအတွင်း ပေါင်းစည်းပါဝင်စေဖို့ ရုန်းကန်နေရတဲ့ ဒိန်းမတ် မြို့ကြီး၊ မြို့ငယ်အချို့ကို "ပြင်းထန်တဲ့ ဖိအားတွေ" ကြုံတွေ့ရစေတယ်လို့ သူက ရှင်းပြခဲ့ပါတယ်။
မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးဖို့အတွက် "အစိုးရအနေနဲ့ အကာအကွယ်ပေးဖို့ အလိုအပ်ဆုံးဖြစ်တဲ့ ယူကရိန်းနိုင်ငံသားတွေကိုပဲ ဖြေလျှော့ပေးထားတဲ့ စည်းမျဉ်းတွေအောက်မှာ နေထိုင်ခွင့် ခွင့်ပြုပေးသွားနိုင်အောင် အခု စည်းမျဉ်းတွေကို ပြန်လည်ပြင်ဆင်သွားမှာဖြစ်တယ်" လို့ ဝန်ကြီး က ပြောခဲ့တာပါ။
ယူကရိန်း အနောက်ပိုင်းနဲ့ အလယ်ပိုင်းက "စစ်ဘေးဒဏ် ခံစားရမှု နည်းပါးတဲ့" ဒေသ ၁၄ ခုက လူတွေအနေနဲ့ နေထိုင်ခွင့် ပါမစ် လျှောက်ထားနိုင်တော့မှာ မဟုတ်ဘူးလို့ အဓိပ္ပာယ်ရကြောင်းလည်း သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment