ဆန်အရည်အသွေးကောင်းမွန်သည့် GW-11 မြန်မာ့ဆန်ကို ဖိလစ်ပိုင်နိုင်ငံက အဝယ်လိုက်၍ ဈေးအမြင့်ဆုံးရရှိနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆန်အရည်အသွေးကောင်းမွန်သည့် GW-11 မြန်မာ့ဆန်ကို ဖိလစ်ပိုင်နိုင်ငံက အဝယ်လိုက်၍ ဈေးအမြင့်ဆုံးရရှိနေ


ရန်ကုန်၊ ဩဂုတ် ၁၇

မြန်မာ့ဆန်များကို ပြည်ပပို့ကုန်အဖြစ် နှစ်စဉ်တင်ပို့လျက်ရှိရာ ယခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ စတင်တင်ပို့သည့် ဆန်အရည်အသွေးကောင်းမွန်သော GW-11 မြန်မာ့ဆန်အား အဝယ်လိုက်မှုကြောင့် ဈေးအမြင့်ဆုံးရရှိနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ဖိလစ်ပိုင်နိုင်ငံသို့ မြန်မာနိုင်ငံနည်းတူ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့က ဆန်တင်ပို့လျက်ရှိပြီး မြန်မာနိုင်ငံမှ GW-11 အမျိုးအစားဆန်ကို အများဆုံးမှာယူမှုသည် ဆန်ကြိတ်ခွဲမှုနည်းပညာပိုင်းဆိုင်ရာထက် ဆန်မျိုးစိတ်အရည်အသွေးကောင်းမွန်မှုတို့ကြောင့် ဈေးကောင်းပေးဝယ်ယူခြင်းဖြစ်သည်။

“ပြည်ပပို့ကုန်ဆန်တင်ပို့ရာမှာ ဖိလစ်ပိုင်နိုင်ငံက GW-11 အဝယ်လိုက်နေတဲ့အတွက် လေးလအတွင်း တန်ချိန်ရှစ်သိန်းကျော် ပို့ပြီးပါပြီ။ ဖိလစ်ပိုင်ကို ဆန်တင်ပို့တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ဈေးအမြင့်ဆုံးရနေပါတယ်။ တစ်ကြိမ်မှမရဘူးတဲ့ အမြင့်ဆုံးဈေးပါ။ သူတို့က GW-11 ဆန်ရဲ့အရည်အသွေးထက် ဆန်မျိုးစိတ်ကို ပိုပြီးနှစ်ခြိုက်တာကြောင့် အဝယ်လိုက်တာပါ။ ဖိလစ်ပိုင်နိုင်ငံက ပိုပြီးဝယ်ယူတာကြောင့် ဧရာဝတီတိုင်းဒေသကြီးမှာ စိုက်ပျိုးသလို အခြားဒေသတွေမှာလည်း သီးသန့်စိုက်ခင်းတွေ စိုက်ပျိုးပြီး မျိုးစိတ်အရည်အသွေးကို ဆက်လက်ထိန်းသိမ်းသွားဖို့လိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံက GW-11 ဆန်ကို ဗီယက်နမ်ကနေ အဝယ်များပေမယ့် မြန်မာနိုင်ငံကပိုမှာယူပြီး ထိုင်းနိုင်ငံထက် ဈေးပိုပေးအဝယ်လိုက်တာဟာ နိုင်ငံအတွက်လည်း အားရဂုဏ်ယူစရာပါ” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ စီမံခန့်ခွဲရေးကော်မတီဝင် ဦးစိုင်းကျော်ကပြောသည်။

ဖိလစ်ပိုင်နိုင်ငံသို့ GW-11 ဆန်တင်ပို့ရာတွင် ထိုင်းနိုင်ငံက တစ်တန်လျှင် အမေရိကန်‌ ဒေါ်လာ ၄၈၀ ရရှိနေပြီး မြန်မာနိုင်ငံမှ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၈၀ ရရှိသည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ ဧပြီလမှ ဩဂုတ်လအထိ ဆန်တန်ချိန် ရှစ်သိန်းကျော်တင်ပို့ထားပြီး ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲအများဆုံးတင်ပို့ခဲ့ကာ ဆန်တန်ချိန် ငါးသန်းဝယ်ယူရန်ပြင်ဆင်နေသည့် ဖိလစ်ပိုင်နိုင်ငံသို့ GW-11 ဆန်များ ဆက်လက်တင်ပို့လျက်ရှိသည်။

ဧရာဝတီတိုင်းဒေသကြီးမှ GW-11 ဆန်များကို ဖိလစ်ပိုင်နိုင်ငံသို့ စတင်တင်ပို့ချိန်တွင် ဈေးအသင့်အတင့်ရခဲ့ပြီး ယခုလပိုင်းအတွင်း ဝယ်လိုအားကောင်းမှုကြောင့် မန္တလေးတိုင်းဒေသကြီးမှ ထွက်ရှိသည့် GW-11 ဆန်များ ဈေးကောင်းရလျက်ရှိသည်။ GW-11 မြန်မာ့ဆန်ကို ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံသို့တင်ပို့ခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ စတင်တင်ပို့ခဲ့ရာမှ ထိုဆန်ကို နှစ်ခြိုက်လာမှုကြောင့် မှာယူမှုများလာခြင်းဖြစ်ကြောင်းသိရသည်။


ဓာတ်ပုံ-ကနူး-ညိမ်းသူ

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)