နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် NDAA ဥက္ကဋ္ဌ ဦးထိန်လင်းတို့ တွေ့ဆုံ၍ မိုင်းလားဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် NDAA ဥက္ကဋ္ဌ ဦးထိန်လင်းတို့ တွေ့ဆုံ၍ မိုင်းလားဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး


နေပြည်တော်၊ ဩဂုတ် ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဥက္ကဋ္ဌ ဦးထိန်လင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံပြီး ထာဝရငြိမ်းချမ်းရေးဖော်ဆောင်မှု၊ မိုင်းလားဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံစဉ် NDAA ဥက္ကဋ္ဌ ဦးထိန်လင်းက ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရမှုအပေါ် အထူးဒေသ (၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် NDAA အဖွဲ့ကိုယ်စား ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

NDAA မိုင်းလားအဖွဲ့အနေဖြင့် နှစ်ပေါင်း ၃၀ ကျော်ကြာ “ငြိမ်းချမ်း၊ စည်းလုံး၊ ဖွံ့ဖြိုး” ဟူသည့် လမ်းစဉ်အတိုင်း လျှောက်လှမ်းခဲ့ပြီး နိုင်ငံတော်အစိုးရအဆက်ဆက်နှင့် ကောင်းမွန်သည့်ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရနှင့် ထိတွေ့ဆက်ဆံမှု၊ အပြန်အလှန်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုအားကောင်းလာစေရေး ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ထို့ပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် မိုင်းလားဒေသရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာရေးတို့အတွက် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတက ထာဝရငြိမ်းချမ်းရေးရရှိရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

မိုင်းလားဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်လာစေရန် နိုင်ငံတော်အစိုးရက လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် ဆရာ၊ ဆရာမများနှင့် ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးသွားမည်ဖြစ်သကဲ့သို့ ကျန်းမာရေးကဏ္ဍ တိုးတက်ရေးအတွက်လည်း ဆေးရုံများ အဆင့်မြှင့်တင်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးပစ္စည်းများ ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မိုင်းလားဒေသ၌ လတ်တလောလိုအပ်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ ကျန်းမာရေးဝန်ထမ်းများ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် မိုင်းလားဒေသ၌ ရေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့အတူ မိုင်းလားဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

NDAA အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လမ်းညွှန်ချက်များကို မိုင်းလားဒေသခံပြည်သူများထံ ချပြဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးတို့အတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)