ဖလမ်း၊ စက်တင်ဘာ ၁၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် ချင်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတဝန်ကြီး၊ ချင်းပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဖလမ်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်တွင် မြန်မာ့ဆက်သွယ်ရေး B2B Satellite Terminal တပ်ဆင်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံကုမ္ပဏီများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်တင်ဘာလ (၁၄) ရက် ယမန်နေ့က ဖလမ်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ကာ အဆောက်အအုံပြုပြင်ပြီးစီးမှုအခြေအနေများ၊ ဆိုလာမီးတပ်ဆင်ထားရှိမှုအခြေအနေများနှင့် ဘဏ်လုပ်ငန်းများဆောင်ရွက်ရန် မြန်မာ့ဆက်သွယ်ရေး B2B Satellite Terminal တပ်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ဒေသခံပြည်သူများကို ကောင်းမွန်မြန်ဆန်သည့် ဝန်ဆောင်မှုများပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေး B2B Satellite Terminal အား တပ်ဆင်ထားခြင်းဖြစ်သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ရုံးအဆောက်အအုံ၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး အဆောက်အအုံ၊ (၄) ခန်းတွဲ ဝန်ထမ်းအိမ်ရာ၊ (၂) ခန်းတွဲ ဝန်ထမ်းအိမ်ရာနှင့် အရာရှိနေအိမ်များ တစ်စိတ်တစ်ပိုင်း ပြုပြင်နေမှုအားလည်းကောင်း၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း တစ်စိတ်တစ်ပိုင်း ပြုပြင်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူ (၄၀၀) ကျော် အေးချမ်းစွာ ပညာသင်ကြားနေမှုအား ကြည့်ရှုကာအားပေးစကားပြောကြားသည်။ ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လွတ်လပ်ရေးကျောက်တိုင်နှင့် View Point အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်သူများ အပန်းဖြေလည်ပတ်နိုင်ရန် ပြုပြင်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် စက်တင်ဘာ (၁၅) ရက်နေ့တွင် ပြည်နယ်ဝန်ကြီး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ မီးသတ်ဦးစီးဌာနသို့ ရောက်ရှိကာ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသင့်သုံးစွဲနိုင်ရေး ရှိ မရှိ ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် မီးသတ်ဦးစီးဌာနရုံးအဆောက်အအုံများနှင့် အိမ်ရာများ ပြုပြင်နေမှုများအားလည်းကောင်း၊ ခရိုင်တိုင်းရင်းဆေးကုဌာနရုံးအဆောက်အအုံနှင့် ဝန်ထမ်းအိမ်ရာပြုပြင်နေမှု၊ ဖလမ်းမြို့မရဲစခန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် အိမ်ရာများနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး ပြုပြင်နေမှုများနှင့် ဆိုလာမီးတပ်ဆင်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြို့တော်ခန်းမတွင် ကျင်းပသည့် ဒေသခံကုမ္ပဏီများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ကာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးကြီးသည့် အခြေခံအဆောက်အအုံများ ပြုပြင်တည်ဆောက်နေကြသည့် ကုမ္ပဏီများအနေဖြင့် ရေရှည်အတွက် စဥ်းစားကာ စာချုပ်ပါအချက်အလက်များအတိုင်း စေတနာထားဆောင်ရွက်ရန်၊ သက်ဆိုင်ရာဌာနများမှလည်း သေချာစိစစ်ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း၊ နှစ်ဦးနှစ်ဘက် အခက်အခဲများရှိပါက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီး ဦးဝင်းဇော်ဦးကလည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အင်ဂျင်နီယာချုပ် ဦးကိုကိုအေးကလည်းကောင်း အသီးသီးဆွေးနွေးမှာကြားကြသည်။ ထို့နောက် တက်ရောက်လာသည့် ကုမ္ပဏီတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးနှင့် သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် ဖလမ်းခရိုင် ဌာနဆိုင်ရာအဆောက်အအုံ (၂၀၈) လုံးအား ဒုတိယဝန်ကြီးများ ဦးဆောင်သည့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဒေသခံကုမ္ပဏီ (၁၂၁) ခုတို့က ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#Myanmar #News







No comments:
Post a Comment