မိုးညှင်း၊ စက်တင်ဘာ ၁၀
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသတွင်းရှိပြည်သူများ နည်ပညာဆိုင်ရာသိသင့်သိထိုက်သည်များနှင့် အသိပညာဗဟုသုတပိုမိုသိရှိနားလည်စေရေး ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်ဒေသခံကော်မတီတို့က ရပ်ကွက်/ကျေးရွာအဆင့်အထိ ပြည်သူလူထုနှင့်တွေ့ဆုံဆွေးနွေးပွဲများကို အဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ (၇)ရက်က မိုးညှင်းခရိုင် မိုးကောင်းမြို့နှင့် ဟိုပင်မြို့တို့တွင် ဆောင်ရွက်သည်။
မွန်းလွဲ(၁)နာရီတွင် ဟိုပင်မြို့ မြို့တော်ခန်းမ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်း၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်အောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံကော်မတီအဖွဲ့ဝင် ပညာရှင်များက ဒေသခံပြည်သူများ၏ မေးမြန်းဆွေးနွေးတင်ပြမှုများအပေါ် သိသင့်သိထိုက်သည့်နည်းပညာဆိုင်ရာအချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာပညာရှင် တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိမှုပေါ်မူတည်၍ နိုင်ငံတစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးတိုးတက်မှုကွာခြားသည့် နှိုင်းယှဉ်ဖော်ပြချက်များ၊ မြစ်ဆုံနေရာကို ရွေးချယ်ရခြင်း၏ အင်ဂျင်နီယာဆိုင်ရာ အားသာချက်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးသည်။
နံနက်ပိုင်းကလည်း မိုးကောင်းမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး မြစ်ဆုံစီမံကိန်းအပေါ် သဘာဝဘေးအန္တရာယ်ကျရောက်ပါက မည်သို့စီမံထားသည်နှင့် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဧရာဝတီမြစ်တစ်လျှောက် နေထိုင်သူများအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စီမံကိန်းတည်ဆောက်စဉ်ကာလအတွင်း မည်ကဲ့သို့ ကြီးကြပ်ဆောင်ရွက်သွားမည့်အခြေအနေနှင့် ဒေသခံများ၏အလုပ်အကိုင်အခွင့်အလမ်း၊ ခံစားခွင့်၊ အကျိုးအမြတ်၊ စိုးရိမ်ပူပန်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#News #Myanmar
No comments:
Post a Comment